ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး Taichito ကို ယနေ့( ဇွန်လ ၂၂ ရက်)တွင် တိုက်အမှတ် ( ၅၄ ) ခြံထဲရှိ တနေရာ၌ ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။
“ဂူလေးသေးသေးလေး လုပ်မယ်။ ဒါကို မနေ့ညကတည်းက ထောက်လှမ်းရေးတွေက စိတ်ဝင်တစားနဲ့ လှမ်းလှမ်းမေးတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

တိုက်ချီတို သေဆုံးတာနှင့်ပတ်သက်ပြီး သင်္ဂြိုဟ်မှုအပေါ် စစ်အုပ်စု ထောက်လှမ်းရေးများ၏ စောင့်ကြည့်မေးမြန်းမှုများလည်းရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး Taichito သည် သေဆုံးချိန်တွင် အသက် ၁၆ နှစ်ကျော်အရွယ်ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ ခွေးလေး တိုက်ချီတိုသည် တနှစ်တကြိမ် ဆေးစစ်ခြင်းများ လုပ်ဆောင်ပေးနေရသည်ဟုဆိုသည့် ရုပ်သံဖိုင် လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်ထွက်လာခဲ့သေးသည်။
ထိုခွေးလေးကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ၎င်း၏ မိခင် အတွက် ၂၀၁၀ ခုနှစ်ဝန်းကျင်တွင် လက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။
NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် ခေါ်ဆောင်သွားလေ့ရှိသည့်အပြင် သင်္ကြန်ရောက်တိုင်းလည်း သူ၏ အိမ်ရှေ့တွင် “တိုက်ချီတိုတို့ ရေကစားမဏ္ဍပ်” အမည်ဖြင့် နှစ်စဉ်လုပ်ပေးနေကျဖြစ်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော် ခွေးလေးတကောင်အဖြစ် တိုက်ချီတိုသည် လူသိများခဲ့ခြင်း ဖြစ်သည်။


Leave a Reply