မိုးဆက်လက်ရွာသွန်းဖို့ ရာနှုန်းပြည့် အခြေအနေရှိကြောင်း မိုးဇလထုတ်ပြန်
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်၊ မိုးကောင်း၊ နမ္မတီးမြို့တွေမှာ ရေကြီးနေတဲ့အပြင် ဆက်လက်ပြီးနေရာကွက်မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် အခြေအနေရှိနေကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရခိုင် စတဲ့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ၊ ရှမ်းမြောက်မှာ နေရာကျဲကျဲ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ ရှမ်းအရှေ့မှာ နေရာစိပ်စိပ်၊ ကျန်ဒေသတွေမှာ နေရာအနံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နေရာကွက်မိုးကြီးနိုင်ချေရှိတဲ့ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မိုးတိမ်တောင်ရွှေ့လျားရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနတဲ့ မိုးသီးကြွေခြင်းပါ ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးအသည်းအထန်ရွာသွန်းမှုကြောင့် မိုးကောင်းမြို့နဲ့ နမ္မတီးမြို့မှာ မြို့ပေါ်ရပ်ကွက်တွေအထိ ရေဝင်ရောက်ခဲ့သလို ဖားကန့်မြို့မှာလည်း ဥရုချောင်းရေလျှံပြီး တချို့နေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့မှာတော့ နမ္မတီးမြို့ပေါ်ရပ်ကွက်အတွင်းဝင်ရောက်နေတဲ့ ရေမျက်နှာပြင် အနည်းငယ်နိမ့်ကျသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မိုးကညကနဲ့ မနက်ကတော့ တော်တော်လေးရွာသေးတယ်။ ခုတော့တိတ်သွားလိုက်၊ ပါးပါးလေးရွာလိုက်ပါဘဲ၊ ချောင်းရေတော့ သိပ်မကျသေးဘူး။ ရပ်ကွက်ထဲလမ်းတွေပေါ်က ရေတော့နဲနဲတော့ကျပါတယ်”လို့ သူကဆိုပါတယ်။

မိုးကောင်းမြို့မှာတော့ မြို့ဦးရပ်ကွက်နဲ့ ရွာသစ်ကလွဲပြီး ကျန်ရပ်ကွက်တွေမှာ ရေကြီးရေလျှံနေတာ ၄ ရက် ရှိလာပြီဖြစ်ပြီး ရေဘေးသင့် ရပ်ကွက်နေဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ပရဟိတအဖွဲ့တွေနဲ့အလှူရှင်တွေ ပူးပေါင်းပြီး ထမင်းထုပ်လိုက်လံဝေငှပေးနေရကြောင်း သိရပါတယ်။
“အခုရေကြီးနေတဲ့ ရပ်ကွက်တွေကတော့ နတ်ကြီးကုန်း၊ နောင်ကိုင်တော်၊ ကျွန်းတော၊ အရှေ့ရပ်၊ အိုးတန်း ရပ်ကွက်တိုင်းလိုလိုပါပဲ။ မြို့ပေါ်အပိုင်းတွေပဲ ရေကျသေးပါတယ်ရှင့်။ ကျန်တဲ့ရပ်ကွက်တွေ အားလုံး ရေနစ်နေပါသေးတယ်ရှင့်”လို့ မိုးကောင်းမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့မှာတော့ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်နဲ့၊ အေးမြသာယာရပ်ကွက် (၅)ခုလုံးမှာ ဥရုချောင်းရေဝင်ရောက်နေပြီး မနေ့ကမနက်ပိုင်းမှာ အေးမြသာယာရပ်ကွက်အတွင်း မြေပြိုကျမှုပါ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လူနေရပ်ကွက်အတွင်း ရေကြီးမှုဖြစ်ပွားနေတာကြောင့် ရေဘေးသင့် ဖားကန့်ဒေသနေပြည်သူတွေ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲဖြစ်နေပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ နန့်ယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေ တိုင်းထွာချက်ဟာ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ ပေခွဲကျော်လွန်နေပြီး၊ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြှင့်တက်လာနိုင်ဖွယ်ရှိတာကြောင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ဆိုထားပါတယ်။
ရေကြီးရေလျှံမှုဖြစ်စဉ် နောက်ဆက်တွဲအနေနဲ့ မြေပြိုမှု၊ နေအိမ်ပြိုကျမှု၊ ဓာတ်လိုက်မှု၊ ထိခိုက်ရှနာမှု၊ မြွေ၊ ကင်းအစရှိတဲ့ အဆိပ်ရှိသတ္တဝါတွေရဲ့အန္တရာယ်အပြင် ဝမ်းပျက်ဝမ်းလျှော၊ အူရောင်ငန်းဖျား စတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်ပွားတတ်တယ်လို့ ကျန်းမာရေးစာစောင်တွေမှာ တွေ့ရပါတယ်။


Leave a Reply