မန္တလေးမြို့မှာ နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူစောထီး ၃ ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

မနေ့က ဇွန်လ ၂၂ရက် ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စစ်အသုံးဆောင်ပစ္စည်းတွေဝတ်ဆင်ပြီး ဓားရှည်တွေကိုင်ဆောင်ထားတဲ့ လူငယ် ၃ ဦးကို ယင်းမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူငယ် ၃ ဦးဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးဆိုးလုယက်ဖို့ လုပ်နေလို့ အောင်မြေသာစံပျူစောထီးတွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။

“အတုမဟုတ်ပါဘူး။ အချင်းချင်းပြန်ဖမ်းတာနေမှာပါ။”လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၁၀ရက်ညကလည်း ပုသိမ်ကြီးမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့စုံတွဲတစ်တွဲကို ဓါးထောက်လုယက်ခဲ့သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးရာမှာ ပုသိမ်ကြီး မြို့မ(၂)ပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၂ ဦးက ဖြစ်နေခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ စစ်တပ်နဲ့အတူ ပြည်သူတွေကို ဖိနှိပ်မှုတွေပြုလုပ်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးပြီး လူရောင်းစားတာ၊ ခိုးဆိုးလုယက်ဓါးပြတိုက်တာတွေပါ ပြုလုပ်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။

(စစ်တပ်က ပြန်ဖမ်းထားတဲ့ ပျူစောထီး ၃ ဦးနဲ့ ၎င်းတို့ရဲ့ စစ်အသုံးအဆောင်များ။ ဓာတ်ပုံ-စကစ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *