မင်းတုန်းမြို့နယ်မှတဆင့် ရခိုင်ပြည်သို့ ထိုးစစ်ဆင်နေသောအာဏာသိမ်း စစ်တပ်၏ စစ်ကြောင်းတစ်ခုမှ ဗျူဟာမှူးအထိုင်ချထားသောယာယီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA)က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်တပ်မှစစ်သား ၂၀ ကျော်ခန့် ဒဏ်ရာရရှိသွားပြီး မင်းတုန်းသို့ ပို့ဆောင်လိုက်ရသည်ဟုသတင်းရရှိသည်။
ဇွန် ၂၁ ရက်နေ့က AA က ဒရုန်းများဖြင့် သဖန်ရောင်၊ဝက်ကော် ၊ပြောင် စသည့်နေရာပတ်ဝန်းကျင်နေရာများတွင်ယာယီတပ်စွဲထားသော နေရာများကိုတိုက်ခိုက်ခဲ့ရာတွင် ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။
“ ဒရုန်းတွေနဲ့ တိုက်ရာမှာ ဗျူဟာမှူးကိုယ်တိုင် နေထိုင်တဲ့နေရာကိုထိမှန်သွားတယ်။အခုလို ဗုံးတွေကျပြီး ထိမှန်တော့ သေဆုံးသူတွေလည်း ရှိတယ်လို့သိရတယ်။ဒဏ်ရာရသူတွေကိုတော့ မင်းတုန်းကို ပို့ဆောင်လိုက်ရတယ်”ဟုပြောဆိုသည်။
အာရက္ခတပ်တော်သည်မင်းတုန်းမြို့နယ်အနောက်ခြမ်း ရိုးတောင်အနီးတွင် ထိုးစစ်ဆင်နေသည့် စစ်တပ် စစ်ကြောင်းများကို ဒရုန်းများဖြင့်သာမက စနိုက်ဘာများဖြင့်လည်းပစ်ခတ်မှုရှိနေ၍ အာဏာသိမ်း စစ်တပ်ဘက် အကျအဆုံးများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။
” ဒရုန်းတွေ၊ စနိုက်ဘာတွေနဲ့ပစ်လို့ အကျဆုံးတွေရှိနေတာကြောင့်အခုဆို စကစဖက်က အဲဒီပတ်ဝန်းကျင်ကို ဂျက်တွေနဲ့ပစ်မှတ်တွေကို ရှာပစ်နေတာတွေလည်းရှိတယ်။လေယာဉ်လာရင်ရှောင်၊လေယာဉ်ပြန်ပစ်၊ အဲသလို အနေအထားမျိုးတွေ့နေရပါတယ်”ဟုပြောဆိုသည်။
ရခိုင်ပြည်ဘက်ကို မင်းတုန်းကျော်လမ်းမှ ထပ်မံပြီး အင်အား ၃၀၀ ကျော်ဖြည့်တင်းကာ သဖန်ရောင်အကျော် ရိုးတောင်ခြေရင်းတွင်ဆက်လက် ပြီး စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု သိရသည်။


Leave a Reply