မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်

မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က ဗိုလ်မှူး နှင့် ဗိုလ်ကြီးအပါအဝင် ငါးဦးသေဆုံး

မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ နေရာတစ်ခုတွင် စစ်ကော်မရှင်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအင်အားစုများက အပိုင်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၃ ရက်တွင် အဆိုပါ စစ်ကော်မရှင်၏ ထောက်ပို့ရဟတ်ယာဉ်ကို မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လေကြောင်းမှတစ်ဆင့် အကြမ်းဖက်နေသည့် စစ်ရဟတ်ယာဉ်မှာ မြေပြင်ပေါ်သို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ရသည်။

အဆိုပါ ရဟတ်ယာဉ် ပစ်ချခံရသည့် ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ပေါ်တွင် ပါရှိလာသော စက်မောင်းသမား ဗိုလ်မှူး၊ ဗိုလ်ကြီးအစရှိသည့် စစ်ကော်မရှင်အရာရှိကြီးများအပါအဝင် အားလုံးနီးပါး မီးလောင်သေဆုံးခဲ့ရပြီး၊ စစ်ကော်မရှင်တပ်သား တစ်ဦးတည်းသာ စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်စွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

“စစ်သား တစ်ဦးပဲဒဏ်ရာရတယ်။ ဗိုလ်မှူ၊ ဗိုလ်ကြီးကအစ သေဆုံးသူ ငါးဦးရှိတယ်။ သူတို့ ရဟတ်ယာဉ်ပေါ်မှာ တင်လာတဲ့ ဒရုန်း ဘက်ထရီပေါက်ကွဲမှုဖြစ်တယ်။ အဲ့ဒီချိန်မှာ ကျတော်တို့ဘက်က အသေခံဒရုန်းနဲ့ပါတိုက်ခိုက်လိုက်လို့ ရဟတ်ယာဉ် လုံး၀ပျက်ကျသွားတာ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ရဟတ်ယာဉ် ပစ်ချခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်အခြေအနေ အသေးစိတ်အချက်အလက်များကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ဆက်လက်စုံစမ်းလျက်ရှိပြီး၊ မကြာမီအချိန်အတွင်း ထပ်မံထုတ်ပြန်သွားမည်ဟု Magway – PDF က အသိပေးထုတ်ပြန်ထားသည်။

စစ်ကော်မရှင်ဘက်က မကွေးတိုင်းအတွင်း လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုကာ အရပ်သားပြည်သူများကို ဒုက္ခပေးနေသည့်အချိန်တွင် ယခုကဲ့သို့ တန်ဖိုးကြီး Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို လေယာဉ်မှူးများနှင့်တကွ အပိုင်ရှင်းလင်းပစ်ချနိုင်ခဲ့ခြင်းမှာ တော်လှန်ရေးအတွက် ကြီးမားသည့် စစ်ရေးအောင်နိုင်မှုတစ်ခုဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချ (ရုပ်/သံ)

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ယနေ့ ပစ်ချလိုက်ကြောင်း ပကဖ အသံ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့တွင် Mi 17 တစီးကို တော်လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့ကြောင်း၊ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF ကသတင်းထုတ်ပြန်သည်။

“ဒီနေ့ ပစ်ချနိုင်ခဲ့တာပါ။ မြိုင်နယ်တနေရာမှာပါ။ ထိခိုက်သေဆုံးတာတွေကို မြေပြင် စစ်ကြောင်း အခြေအနေရှင်းတာနဲ့ အသေးစိတ်ထုတ်ပြန်မှာပါ” ဟု Magway People’s Defense Force – Magway PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

မကွေးတိုင်းသို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ်ပျက်ကျသွားကြောင်း အကြမ်းဖက်စစ်တပ်၏ အတည်ပြု အကြောင်းကြားသော သတင်းအချက် အလက်များ ရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။

“ကျနော်တို့သိသလောက်တော့ ကိုယ့်ဘက်က ဆော်လိုက်တာ ရဟတ်ယာဉ်လည်း ပျက်ကျတယ်။ ပစ်ချလို့ ပျက်ကျတာတော့သေချာတယ်။ Mi-17 ရဟတ်ယာဉ်ပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF ၊ အညာဖိုက်တာLocalတပ်ဖွဲ့၊စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိကြောင်း ကနဦး သိရှိရပြီး အသေးစိတ်ကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *