ရှမ်းမြောက် လားရှိုးမြို့နယ် တောင်တလောင်ကျေးရွာမှာ အမျိုးသမီးတစ်ဦးက ၎င်းရဲ့ အိမ်ဘေးမှာ ပေါက်နေတဲ့ မှိုတွေကို ခူးယူချက်စားမိရာကနေ အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်အေးနွမ်ဆိုသူက မှိုကနေတစ်ဆင့် အဆိပ်သင့်ပြီး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ရွာကလူတစ်ယောက်က မှိုစားမိပြီး ဆုံးသွားတာ။ တောမှိုလည်း မဟုတ်ဘူး။ သူ့အိမ်ဘေးမှာ ပေါက်နေတဲ့ မှိုကို ခူးပြီး ချက်စားလိုက်တာ။ အဲဒါနဲ့ အဆိပ်သင့်ပြီး ဆုံးသွားတာ” လို့ သူက ပြောပါတယ်။
ဒေါ်အေးနွမ်ဟာ အဆိပ်သင့်ပြီးနောက် လိုအပ်တဲ့ ဆေးကုသမှုတွေကို အချိန်မီ မရရှိခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဒေါ်အေးနွမ်ရဲ့ နာရေးကို မိသားစုဝင်တွေက နေအိမ်မှာ ရက်လည်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

မှိုပေါက်တဲ့ မိုးရာသီတွေမှာ အခုလိုပဲ မှိုတွေ ခူးစားရာကနေ အဆိပ်သင့်ပြီး သေဆုံးခဲ့ရတဲ ဖြစ်စဉ်တွေ နှစ်တိုင်းလိုလို ရှိနေတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းလည်း ဒေသခံတွေက သတိပေးကြပါတယ်။
ဓာတ်ပုံ – Local


Leave a Reply