NUG MOD နဲ့ PLA အကြားကဖြစ်စဥ်နဲ့ နှစ်ဖက်ပြောသမျှ

မြင်းခြံခရိုင်မှာ PLA တပ်ဖွဲ့ကို အခြေစိုက်ခွင့် မပြုတော့ဘူးလို့ ခရိုင်စစ်ဌာန တာဝန်ရှိသူပြော

PLA စခန်းကို ဝင်ရောက်စီးနင်းစဉ် မိုင်းမိပြီး NUG PDF ရဲဘော် လေးဦး ကျဆုံး

တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းလိုပြီး တပ်ဖွဲ့တွေကို ထွက်ခွာစေခိုင်းတာ လက်မခံနိုင်လို့ PLA တုန့်ပြန်

မြင်းခြံနယ် ပြန်စိုးမိုးရေး စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ မီးရှို့နေချိန် တော်လှန်ရေးတပ် အချင်းချင်း ပြဿနာပေါ်နေတာ ဖြစ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ တပ်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ရင်းတပ်ဖွဲ့တွေက ဇွန် ၂၁ ရက်နဲ့ ၂၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသအတွင်းမှာ အခြေစိုက်ခွင့်မပြုတော့ဘူးလို့ MOD PDF မြင်းခြံခရိုင်စစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက ကျေးရွာ နှစ်ရွာအနီးမှာ အခြေစိုက်ထားတဲ့ PLA ရဲ့ တပ်စခန်းတွေဟာ ပြည်သူတွေကို ဒလန်လို့ စွပ်စွဲကာ ဖမ်းဆီး ငွေညှစ်နေတာကြောင့် မနေ့က ဇွန် ၂၂ ရက်မှာ NUG PDF မြင်းခြံခရိုင် စစ်ဌာနက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးအရေးယူခဲ့တာဖြစ်တယ်လို့ ခရိုင်စစ်ဌာန တာဝန်ရှိသူက ရှင်းပြပါတယ်။

“အဓိက ပြဿနာက (၂၆.၅.၂၀၂၆) ည ၉နာရီ၅မိနစ်အချိန်မှာ တောင်သာမြို့နယ် ဝဲလောင်ကျေးရွာက ဦးသန်းဌေးအောင်အိမ်ကို PLA ဝင်တယ်။ အန်စာတုန်း လိုင်းကားတစ်စီး၊ နောက်ပြီးတော့ ယိုးဒယားဆိုင်ကယ် 110 တစ်စီးရယ်၊ လော်ဂျား 110 တစ်စီးရယ်၊ ငွေသား ၁၀ သိန်းရယ်၊ အိမ်စာချုပ်နဲ့ ဘွဲ့လက်မှတ်တွေကို ယူဆောင်သွားတယ်။ အဲဒီလို ယူဆောင်သွားပြီး နောက်ရက် နေ့လယ် ၃ နာရီ ၂၁ မိနစ်အချိန်မှာ ဦးသန်းဌေးအောင်ရဲ့ ဇနီးဖြစ်သူကို ဇွန်လ ၁၉ ရက်နေ့မှာ ငွေသား သိန်း ၂၀၀၀ မပေးရင် သတ်ပစ်မယ်ဆိုပြီးတော့ PLA ဖုန်းဆက်ပြီးတော့ ခြိမ်းခြောက်တယ်ပေါ့။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှုလုပ်ဆောင်ဖို့ရာအတွက် စာတွေထုတ်တယ်။ NUG ဆီကိုလည်း ကျွန်တော်တို့ စာတင်တယ်။ ဘယ်လို စာတင်လဲဆိုတော့ ဒီ ဖမ်းဆီးထားတဲ့လူကို အပ်ပေးပါ။ ပစ္စည်းတွေကိုလည်း ပြန်ပေးပါပေါ့။ သူတို့ စွပ်စွပ်ထားသလို ဦးသန်းဌေးအောင်ဟာ ဒလန် မဟုတ်ပါဘူးဗျ။ သူတို့ ငွေညှစ်ဖို့ ဒလန်တံဆိပ်ကပ်တာပါ။ PLA အနေနဲ့ တောင်သာမြို့နယ်အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက် လုပ်ဆောင်ချက်ဆိုရင် အားလုံးပြောရရင် အတော်လေးကို များပါတယ်ဗျ။ သူတို့ PLA အနေနဲ့ ဒလန်ခေါင်းစဉ်တပ်ပြီးတော့ ဖမ်းတယ်။ ဖမ်းပြီးတော့ ငွေးတောင်းပြီး ပြန်လွှတ်တယ်။ ဒါမျိုးတွေက အကြိမ်ကြိမ်အခါခါ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ သူတို့ကို ထိန်းသိမ်းမယ်၊ ထိန်းသိမ်းပြီးတော့ သူတို့ရဲ့ဗဟိုနဲ့ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်လည်း ညှိနှိုင်းဆောင်ရွက်ပြီးတော့ ဒီဟာတွေကို အမှန်တကယ် လုပ်ဆောင်ခဲ့တာတွေကို သူ့ရဲ့ ပြစ်မှုပြစ်ဒဏ်အလိုက် သူတို့ဘက်ကနေ အရေးယူပေးဖို့ ကျွန်တော်တို့ တောင်းဆိုသွားမှာပါ။ အခုလောလောဆယ်မှာတော့ သူတို့ PLAကို ဖမ်းဆီးထားတာလည်း တစ်ယောက်မှ မရှိသေးသလို သူတို့ဆီကနေ သိမ်းဆည်းထားတဲ့ ပစ္စည်းပစ္စယ ဘာမှ မရှိပါဘူး” လို့ မြင်းခြံခရိုင်စစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်အတွင်းမှာ ပြည်သူတွေကို ဒလန်အကြောင်းပြ ဖမ်းဆီးပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတာကြောင့် PLA တပ်ဖွဲ့တွေကို မြင်းခြံခရိုင်အတွင်းမှာ အခြေစိုက်ခွင့် လုံးဝ ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့လည်း ခရိုင်စစ်ဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။

“မြင်းခြံခရိုင်ထဲမှာ အခြေစိုက်ခွင့် မရှိတော့ပါဘူးဗျ။ ဆွေးနွေးတာက ဆွေးနွေးတာ တပိုင်းပေါ့။ ကျွန်တော်တို့ကတော့ အခြေစိုက်ခွင့် လုံးဝ မပြုတော့ပါဘူးဗျ” လို့ သူက ပြောပါတယ်။

PLA အနေနဲ့ မြင်းခြံခရိုင်အတွင်း တောင်သာမြို့နယ်နဲ့ မြင်းခြံမြို့နယ်တို့မှာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စတင်ဝင်ရောက်လာခဲ့ပြီးနောက် အခြေစိုက်ခဲ့တာ ဖြစ်တယ်လို့လည်း မြင်းခြံခရိုင်စစ်ဌာန တာဝန်ရှိသူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားတွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တပ်စခန်းတွေကို အင်အား အလုံးအရင်းအသုံးပြုပြီး စီးနင်းခဲ့တာနဲ့ ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့ရာအတွက် မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ မိမိတို့တပ်ဖွဲ့တွေကို ထွက်ခွာစေခြင်းဟာ မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသလို ပြင်းထန်စွာရှုတ်ချတယ်လို့ PLA က မနေ့ကနဲ့ ဒီကနေ့မှာ ကြေညာချက်တွေ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် PLA အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ မူကိုသာ ဆက်လက်ကိုင်စွဲထားကြောင်း ပြည်သူများအား အသိပေးအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

NUG၊ MOD ကလည်း မနေ့က ဇွန် ၂၂ ရက်ညပိုင်းမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ PLA ရဲ့ သောင်းထောက် (စစ်ရေးတာဝန်ခံ)နဲ့ အဖွဲ့ဟာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့နဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)တို့ကို အကြောင်းကြား သတင်းပို့ခြင်းမရှိဘဲ မေလ ၂၆ ရက်ည ၁၁ နာရီမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝဲလောင်ကျေးရွာက ဦးသန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကား၊ ဆိုင်ကယ်နဲ့ ငွေသားတွေ ယူဆောင်သွားခဲ့ကြောင်း၊ ဦးသန်းဟာ သတင်းပေး ဒလန်မဟုတ်ဘဲ ပြည်သူတစ်ဦးသာ ဖြစ်ကြောင်း၊ ဇွန် ၁၈ ရက်မှာ ဦးသန်းရဲ့ ဇနီးဖြစ်သူကို ငွေကျပ် သိန်း ၂၀၀၀ မပေးပါက ဦးသန်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် တောင်သာမြို့နယ် ပလဖ ရုံးသို့ ဆက်သွယ်အကူညီတောင်းခံလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခြိမ်းခြောက်ငွေညှစ်ခံထားရတဲ့ ဦးသန်းကို ခုနစ်ရက်အတွင်း ပြန်လွှတ်ပေးဖို့နဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ကာယကံရှင်ထံပြန်လည်ပေးအပ်ဖို့ရာအတွက် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ PLA တပ်ဖွဲ့ထံသို့ လူကိုယ်တိုင်သွားရောက်စာပေးခဲ့ရာ ဇွန် ၁၉ ရက်မှာ PLA က ပြန်မလွှတ်နိုင်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ကြောင်း စာနဲ့ အကြောင်းပြန်ခဲ့တယ်လို့ NUG က ဆိုပါတယ်။ ဒါ့အပြင် PLA ဟာ NUG ထိန်းချုပ်နယ်မြေအတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်မှုအပါဝင် အရင်ကကျူးလွန်ခဲ့တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ထိပါးနှောက်ယှက်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့် မိမိတို့ခရိုင်အတွင်းနေထိုင်မည်ဆိုပါက တည်ဆဲဥပဒေတွေကို လိုက်နာဖို့နဲ့ ဦးသန်းကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ရာ ဗဟိုကို တင်ပြပြီး ပြန်လည်အကြောင်းပြန်မည်ဟု ပြောကြားခဲ့ပြီးနောက် ဇွန် ၂၂ ရက်မှာ မိမိတို့ဘက်မှ PLA ထံသို့ ဆက်သွယ်ခဲ့ရာ ဦးသန်းကိုပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ NUG က ဆိုပါတယ်။

PLA ပြန်လွှတ်ပေးလိုက်တဲ့ ဦးသန်းကို တောင်သာမြို့နယ် ဝဲလောင်ရွာနဲ့ ရွာသစ်ရွာကြားမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာများနဲ့အတူ သတိလစ်မေ့မျောနေတာကို ပြန်လည်တွေ့ရှိခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတွေကိုလည်း အပ်နှံခဲ့ခြင်းမရှိကြောင်း၊ ဦးသန်းအား ကယ်ဆယ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ခရိုင်အတွင်းနေထိုင်ခြင်းမရှိတဲ့ PLA စခန်းများအတွင်းသို့ ဝင်ရောက်ခဲ့ရာ ရဲဘော်တွေအိပ်တဲ့ အိပ်ဆောင်နေရာတွေမှာ မိုင်းတွေထောင်ထားခဲ့တာကြောင့် PDF ရဲဘော် လေးဦး ကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်ဟာ လွဲမှားမှုတွေရှိနေတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“သူတို့က ထုတ်ပြန်ထားတဲ့အထဲမှာ ဦးသန်းကို ပြည်သူဆိုပြီးတော့ ပုံဖော်ထားတယ်ဗျ။ အဲဒါကလည်း မဟုတ်မှန်ပါဘူးဗျ။ ကျွန်တော်တို့ ရဲဝန်ထမ်း ချစ်ကိုကိုနဲ့ အမျိုးသမီးကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်။ သူတို့ကိုလည်း တောင်သာမြို့နယ်-ပကဖ ထံကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်။ သူတို့ရဲ့ ဝန်ခံထွက်ဆိုချက်တွေအရရော ဒေသတွင်းမှာ လက်နက်တွေစုဆောင်းပြီးတော့ တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေနဲ့အချက်အလက်တွေကို ရန်သူ့ကိုသတင်းပေးနေတဲ့ သူဖြစ်တယ် ဦးသန်းသည်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေရတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်ကနေ ငွေကြေးတောင်းခံတယ်ဆိုတဲ့ ကိစ္စဟာလည်း မဟုတ်ဘူးပေါ့ဗျာ။ တဖက်မှာ ဦးသန်းရဲ့အမျိုးသမီးဖြစ်သူက ကျွန်တော်တို့ကို ငွေကြေးနဲ့ လာရောက်ညှိနှိုင်းတဲ့ဖြစ်စဉ်တွေတော့ ရှိတယ်။ (ကျပ်သိန်း) ၂၀၀ ညှိတယ်၊ ၅၀၀ ညှိတယ်။ ကျွန်တော်တို့က လက်မခံဘူးလို့ ပြောတဲ့အခါမှာ တခြားအဖွဲ့အစည်းကနေ အလုပ်လုပ်မယ်လို့ ပြောတယ်။ ပအဖတွေ ပကဖတွေဆီကို သူတို့အနေနဲ့ တိုင်တန်းစာ ပို့တာဖြစ်တယ်။ ဦးသန်းကိုယ်တိုင်ပေါ့ သူလုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ သူသတင်းပေးလုပ်ခဲ့တာ မှားပါတယ်ဆိုတဲ့အကြောင်း ဝန်ခံထားတဲ့ မှတ်တမ်းတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်ဗျ။ အဲဒါတွေလည်း ထုတ်ပြန်သွားပါမယ်။ ပြီးတော့ စခန်းအတွင်းမှာ မိုင်းထောင်ခဲ့တယ် ဆိုတာကလည်း ဒါသည် PDF ရဲဘော်တွေကို ရည်ရွယ်ပြီးတော့ မိုင်းထောင်တာမျိုး မဟုတ်ဘူး။ ရန်သူ့စစ်အုပ်စုက စခန်းတွေကို ဝင်ရောက်စီးနင်းနေတာ ဖြစ်တဲ့အတွက် စခန်းလုံခြုံရေးအတွက် ထောင်ထားတာ ဖြစ်တယ်။ တဖက်မှာလည်း အင်အား ၈၀ ကျော်နဲ့ ဝင်ရောက်ခဲ့တာ ဖြစ်တဲ့အတွက် မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့က မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်မှန်ဘူး။ ဒါဟာ လိမ်ညာပြီးတော့ ဖြန့်ဝေနေတာ ဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေကို အဲဒီလို လုပ်မှာမဟုတ်ဘူးဗျ။ ထိခိုက်ကျဆုံးခဲ့ရတဲ့ PDF ရဲဘော်တွေအတွက်လည်း ကျွန်တော်တို့ အတော်လေး စိတ်ထိခိုက်ရတဲ့ အခြေအနေမှာရှိပါတယ်” လို့ PLA ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးဘက်က စွပ်စွဲထုတ်ပြန်ထားသလို ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာမျိုးမရှိဘဲ စစ်အုပ်စုနဲ့ တော်လှန်ရေးဘက် နှစ်ခုလုံးကို ငွေပေးပြီး ရပ်တည်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရှိနေပြီး တော်လှန်ရေးရဲဘော်တွေနဲ့ တော်လှန်ရေးကိုအားပေး ထောက်ခံနေတဲ့ ပြည်သူတွေကို ထိခိုက်လာတာကြောင့် လိုအပ်ချက်အရ လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

“စီးပွားရေးလုပ်ငန်းရှင်တွေက နှစ်ဖက်ပေါ့ နှစ်ဖက်ကို ငွေပေးပြီးတော့ ရပ်တည်နေကြတာတွေ ရှိတယ်။ သမားရိုးကျ စီးပွားရှာနေကြတဲ့သူတွေအတွက် ဘာမှမပြောလိုပေမဲ့လည်း တဖက်မှာကျတော့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန်ဖလှည်ပြီးတော့ ရပ်တည်နေတဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ ဒါဟာတော်လှန်ရေးတပ်တွေအတွက် လုံခြုံရေးပဲလားဆိုတော့ မဟုတ်ဘဲနဲ့ ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးကိုအားပေးထောက်ခံနေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးဖြစ်စဉ်တွေ ရှေ့မှာလည်း ရှိခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က လိုအပ်တဲ့ဖမ်းဆီးမှုတွေ လုပ်ခဲ့ရတာဖြစ်တယ်။ အဲဒါကိုလည်း အကြောင်းမဲ့လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ဒေသထဲမှာ ရန်ကုန်ရဲဘင်ခရာတီးဝိုင်းကနေ အသွင်ယူပြီးတော့ ရောက်လာတဲ့ ချစ်ကိုကိုနဲ့ သူ့အမျိုးသမီးကို ဖမ်းဆီးရမိခဲ့တဲ့နောက်ဆက်တွဲရရှိတဲ့ စစ်ဆေးမှုတွေအရ ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေဖြစ်တယ်။ အဲဒီ ရဲဝန်ထမ်းချစ်ကိုကိုနဲ့သူ့အမျိုးသမီးကိုလည်း တောင်သာမြို့နယ်-ပကဖထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်။ အဲဒီလို လွှဲပြောင်းပေးဖို့ကြိုးစားတဲ့အခါတောင်မှ သူတို့ဘက်က လက်ခံဖို့အဆင်သင့်မရှိသေးဘူးဆိုပြီး ရက်ရွှေ့ဆိုင်းခဲ့တယ်။ အဲဒီလိုလည်း ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဒီတရားခံ ဦးသန်းနဲ့ပတ်သက်တဲ့ကိစ္စမှာကျတော့ သူတို့အနေနဲ့ ကျွန်တော်တို့ကိုအချိန်မစောင့်ဆိုင်းဘဲနဲ့ ဝင်ရောက်စီးနင်းပြီးတော့ ခေါ်တယ်ဆိုတာကတော့ အတော်လေးစဉ်းစားစရာ အခြေအနေဖြစ်တယ်။ ဒီလူကလည်း ဒလန်ပါဆိုပြီးတော့ စစ်ဆေးရရှိထားတဲ့ လူတစ်ယောက်ကို သူတို့အနေနဲ့အင်အားသုံးပြီးတော့ ပိတ်ဆို့ပြီးတော့ ပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ကိစ္စကတော့ စဉ်းစားစရာအခြေအနေဖြစ်တယ်။ ဦးသန်းကိုလွှတ်လိုက်ရတဲ့ဖြစ်စဉ်ကလည်း ကျွန်တော်တို့ကို အင်အားအများအပြားနဲ့ ဝိုင်းဝန်းပိတ်ဆို့တဲ့အခါမှာမှ ဆက်ထိန်းသိမ်းဖို့မဖြစ်နိုင်လို့ လွှတ်ပေးလိုက်ရတာဖြစ်တယ်။ သူ့ပစ္စည်းတွေ ပြန်ပေးနိုင်ဖို့အခြေအနေကလည်း ကျွန်တော်တို့ရဲဘော်တွေ လုံခြုံရေးအရ ဆုတ်ခွာနေရတဲ့အခြေအနေဖြစ်တာပါဗျ”လို့ သူက ဆိုပါတယ်။

မြင်းခြံခရိုင် စစ်ဒေသ တာဝန်ရှိသူကတော့ PLA တပ်ဖွဲ့ဝင်တွေဟာ မြင်းခြံခရိုင်ထဲမှာ ပြည်သူတွေကို သတင်းပေး ဒလန်အဖြစ် စွပ်စွဲကာ ငွေညှစ်တောင်းခံခဲ့တဲ့ဖြစ်စဉ်တွေ အများအပြား မှတ်တမ်းတွေရရှိထားသလို သတင်း ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိမှာ PLA ဘက်က တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းအဖြေရှာလိုတဲ့ မူကိုသာကိုင်ဆွဲထားပြီး တပ်စခန်းတွေကို အင်အားသုံး ဝင်ရောက် စီးနင်းတာကို ပြင်းထန်စွာ ရှုတ်ချထားသလို တပ်ဖွဲ့တွေကို ထွက်ခွာစေခိုင်းတာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ PLA ဘက်က ထုတ်ပြန်ထားပေမဲ့ မြင်းခြံခရိုင်အတွင်းမှာ PLA ကို အခြေစိုက်ခွင့် လုံးဝ ခွင့်မပြုတော့ဘူးလို့လည်း ခရိုင်စစ်ဌာနဘက်က တုန့်ပြန်ထားပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်အတွင်း စစ်အုပ်စုကို အရင်က တိုက်ခိုက်ခဲ့ရာမှာ PLA တပ်ဖွဲ့တွေနဲ့အတူ PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးပေမဲ့ လက်ရှိ မြင်းခြံခရိုင်အတွင်းကနေ PLA တပ်ဖွဲ့တွေ ထွက်ခွာသွားလည်း စစ်အုပ်စုကို တိုက်ခိုက်နိုင်တဲ့ တပ်ရင်း၊တပ်ဖွဲ့တွေ အလုံအလောက်ရှိထားပြီးဖြစ်တယ်လို့လည်း မြင်းခြံခရိုင် စစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံခရိုင်အတွင်းမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာတွေ မကြာခဏ ကျူးလွန်နေတာဖြစ်သလို လေကြောင်းကပါ ဗုံးကြဲတာတွေ နေ့စဉ်နီးပါး ကျူးလွန်နေပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ တောင်သာ အပါအဝင် မြင်းခြံခရိုင်ဖြစ်တဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ မဲပုံးမထောင်နိုင်တဲ့ မြို့၊ရွာတွေကို အင်အားသုံး စီးနင်းကာ မီးရှို့ဖျက်ဆီး ပြာချနေသလို တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကို ချိတ်ဆက်မေးမြန်းကာ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ စစ်အုပ်စုဟာ မြင်းခြံမြို့နယ်နဲ့ တောင်သာမြို့နယ်အတွင်းမှာတင်ပဲ ၂၀၂၅ နှစ်ကုန်ပိုင်းကနေ ဇွန်လအထိ ခြောက်လတာအတွင်း စိတ်ကျန်းမာရေးမကောင်းသူ၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာပေါင်း ၅၀ ရွာနီးပါးက အိမ်ခြေ ၇၀၀၀ ကျော်ကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ အမျိုးသမီး ခြောက်ဦး ထက်မနည်းကို အဓမ္မပြုကျင့်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *