ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုတိုက်ပွဲက လူအများရဲ့အာရုံကို ဖမ်းစားထား

ပုံမှန်အားဖြင့်တော့ ရွှေဖိနပ်ဆုလုပွဲက ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ကွယ်က အစိတ်အပိုင်းတခုမျှသာ ဖြစ်လေ့ရှိတာပါ။ ဒါပေမဲ့ ၂၀၂၆ ပြိုင်ပွဲမှာတော့ ထိပ်တန်းတိုက်စစ်းသမားတွေရဲ့ အပြိုင်အဆိုင် ဂိုးသွင်းနှုန်းက အလွန်မြန်ဆန်လွန်းတာကြောင့် အဓိက ပြောစမှတ်ပြုစရာ အကြောင်းအရာတွေထဲက တခု ဖြစ်လာခဲ့ပါပြီ။

အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီက အမေရိကန်မြေမှာ နှစ်ပွဲကစား ငါးဂိုးအထိ သွင်းယူပြီးတဲ့နောက် ကမ္ဘာ့ဖလား ခြောက်ကြိမ်အတွင်း စုစုပေါင်း ၁၈ ဂိုးနဲ့ သွင်းဂိုးအများဆုံကစားသမားအဖြစ် စံချိန်ချိုးထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့နောက်မှာတော့ လေးဂိုးစီ သွင်းယူထားကြတဲ့ ကီလီယံ အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့က ကပ်လိုက်နေသလို၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဟာရီကိန်းတို့ကလည်း ဒီအားပြိုင်မှုထဲမှာ ပါဝင်နေပါတယ်။

၁၉၅၈ ခုနှစ်တုန်းက ပြင်သစ်ရဲ့ ဂျပ်စ် ဖွန်တိန်း ကမ္ဘာ့ဖလား တကြိမ်တည်းမှာ ၁၃ ဂိုး သွင်းထားခဲ့တဲ့ ကာလရှည်တည်မြဲနေတဲ့ စံချိန်ကြီးလည်း ဒီတကြိမ် ကျိုးပျက်သွားဖို့ နီးစပ်နေပုံရပါတယ်။

၁၉၇၀ မက္ကဆီကို ကမ္ဘာ့ဖလားတုန်းက ၁၀ ဂိုး သွင်းယူခဲ့တဲ့ ဂျာမနီဂန္ထဝင် ဂတ်မူလာက ပြိုင်ပွဲတခုတည်းမှာ ၁၀ ဂိုးအထိ ရယူနိုင်ခဲ့တဲ့ နောက်ဆုံးကစားသမား ဖြစ်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ကမ္ဘာ့ဖလား သုံးကြိမ်ကလွဲရင် ကျန်ပြိုင်ပွဲအားလုံးမှာ သွင်းဂိုးအများဆုံးကစားသမားက ခြောက်ဂိုး ဒါမှမဟုတ် ခြောက်ဂိုးအောက်သာ သွင်းထားနိုင်ခဲ့ကြတာပါ။

ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ အသက် ၃၉ နှစ် ပြည့်ပြီဖြစ်တဲ့ မက်ဆီက လက်ရှိ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့မှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွင်း အတောက်ပဆုံး စွမ်းဆောင်ရည်ကို ပြသနေပါတယ်။

မက်ဆီက အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ အမှတ်ရစရာ ဟက်ထရစ် သွင်းခဲ့သလို၊ ဩစတြီးယားကို ၂-၀ နဲ့ နိုင်ပွဲမှာလည်း နှစ်ဂိုး သွင်းခဲ့တာပါ။ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်း သွင်းထားတဲ့ ငါးဂိုးလုံးကို သူတယောက်တည်းကပဲ တာဝန်ယူပေးထားတာပါ။

အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီကတော့ ကန်းဆက်စီးတီးက အဖွင့်ပွဲစဉ်အပြီးမှာ ဝါရင့်တိုက်စစ်ကစားသမားကြီးရဲ့ ပါရမီဖြစ်မှုကို “ရှင်းပြရ ခက်တယ်” လို့ ပြောပါတယ်။

“ကျွန်တော်တို့က သူ့ကို နေ့တိုင်းမြင်တွေ့နေရပြီး သူဟာ နှစ် ၂၀ လုံးလုံး အကောင်းဆုံး ဖြစ်ခဲ့တာတောင်မှ ကျွန်တော်တို့ အခုအထိ သူ့ကို အံ့ဩနေရတုန်းပါပဲ။ သူက ပွဲတိုင်း၊ ပွဲတိုင်းမှာ စွမ်းဆောင်နိုင်ဆဲပါ။”

မက်ဆီကို ကျော်တက်ဖို့ အခွင့်အရေးအရှိဆုံး ပြိုင်ဘက်ကတော့ ပြီးခဲ့တဲ့ လေးနှစ် ကာတာကမ္ဘာ့ဖလားတုန်းက ရှစ်ဂိုးသွင်းပြီး ရွှေဖိနပ်ဆု ရခဲ့တဲ့ အမ်ဘာပေပါ။

ပြင်သစ်အသင်းရဲ့ ဂိုးအများဆုံးကစားသမားဟာ မက်ဆီရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးစုစုပေါင်းထက် နှစ်ဂိုးပဲ လျော့နည်းပါတော့တယ်။

အီရတ်ကို ၃-၀ နဲ့ သက်သောင့်သက်သာ နိုင်ပွဲရအပြီးမှာ အသက် ၂၇ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က မက်ဆီကို လိုက်မီဖို့က ပထမဦးစားပေး မဟုတ်ပါဘူးလို့တော့ ဆိုထားပါတယ်။

“လီယိုက အမြဲတမ်း ဂိုးသွင်းနေမှာပဲ၊ နောင်လည်း သွင်းနေဦးမှာ။ ဒါကြောင့် သူဘာလုပ်နေလဲဆိုတာကို ကျွန်တော် မကြည့်ပါဘူး၊ ကိုယ့်အသင်းကို ကူညီဖို့ပဲ အာရုံစိုက်ထားပါတယ်။”

ဟာလန်းရဲ့ ဂိုးသွင်းအရှိန်အဟုန်

အမ်ဘာပေနဲ့ လေးဂိုးချင်း တူနေတာကတော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဟာလန်းပါ။ သူက နော်ဝေလက်ရွေးစင်အသင်းအတွက် နောက်ဆုံး ၁၂ ပွဲဆက် ဂိုးသွင်းထားတာပါ။

အသက်၂၅ နှစ်အရွယ် တိုက်စစ်မှူးကြီး ဟာ နိုင်ငံတကာ ၅၂ ပွဲမှာ ၅၉ ဂိုးအထိ ရှိလာပြီးနောက် သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းကို ပေါ့ပေါ့ပါးပါးပဲ တုံ့ပြန်ခဲ့ပါတယ်။

“ဒါက တခြားအရာတွေလိုပါပဲ၊ ကျွန်တော်က ဂိုးသွင်းတာကို တကယ် ကောင်းကောင်းလုပ်နိုင်ပြီး ကံလည်း နည်းနည်းကောင်းလို့ပါ။ ကျွန်တော် ဘာလုပ်နေလဲ သိပ်မသိလိုက်ပါဘူး။ ဒီတိုင်း ဖြစ်သွားတာပါ” လို့ သူက ပြောပါတယ်။

ဂျာမနီရဲ့ ဒင်းနစ် အွန်ဒက်ဗ် နဲ့ ကနေဒါရဲ့ ဂျိုနသန် ဒေးဗစ် တို့က သုံးဂိုးစီ သွင်းထားကြပြီး၊ ဟာရီကိန်းနဲ့ ရော်နယ်ဒိုတို့ကတော့ နှစ်ဂိုးသွင်းထားတဲ့ ကစားသမားစုထဲမှာ ပါဝင်နေပါတယ်။

ပေါ်တူဂီရဲ့ ရော်နယ်ဒိုဟာ အင်္ဂါနေ့တုန်းက ဥဇဘက်ကစ္စတန်ကို ၅-၀ နဲ့ ဂိုးပြတ်နိုင်ပွဲမှာ နှစ်ဂိုးသွင်းပြီး၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်လုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာချိန် သူ့ရဲ့ ကာလရှည်ပြိုင်ဘက် မက်ဆီဆီကနေ အာရုံစိုက်မှုတွေကို ခဏတာလုယူနိုင်ခဲ့ပါတယ်။

ပထမပွဲတုန်းက ကွန်ဂိုနဲ့ ၁-၁ သရေကျစဉ်က စွမ်းဆောင်ရည်နိမ့်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ဥဇဘက်ကစ္စတန်ကို ၅-၀ နဲ့ ဂိုးပြတ်ခြေမှုန်းတဲ့ပွဲမှာတော့ “ငါ ပြန်လာပြီ၊ ပြန်လာပြီ” လို့ ဂိုးသွင်းအပြီး အားရပါးရ ဟစ်ကြွေးခဲ့ပါတယ်။

၁၄၅ ဂိုးနဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံး ရော်နယ်ဒိုက “ကျွန်တော်ကတော့ အမြဲတမ်း ရောက်လာတာပါပဲ၊ နည်းနည်းနောက်ကျရင်တောင်မှ အဲဒီနေရာမှာ ကျွန်တော် အမြဲရှိနေပါတယ်။” လို့ ပြောပါတယ်။

၂၀၁၈ ရုရှားကမ္ဘာ့ဖလားတုန်းက ခြောက်ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့တဲ့ ဟာရီကိန်းကတော့ အင်္ဂါနေ့ ဂါနာနဲ့ ဂိုးမရှိသရေပွဲမှာ အပိုင်အခွင့်အရေးတခု လွဲချော်ခဲ့တာကြောင့် နှစ်ဂိုးနဲ့တင် ရပ်နေခဲ့ပါတယ်။

နှစ်ဂိုး သွင်းထားတဲ့ အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် ကလည်း ကမ္ဘာ့ထိပ်သီးတွေရဲ့ အဆင့်ကို အမီလိုက်ဖို့ ရည်မှန်းထားပေမဲ့ ဒါဟာ တကယ်ကို ခက်ခဲတဲ့အလုပ်ဆိုတာ နားလည်ထားပါတယ်။

“မက်ဆီ၊ အမ်ဘာပေ၊ ဟာလန်း တို့လို ကစားသမားတွေကို ကြည့်လိုက်ရင် သူတို့က တားဆီးလို့မရအောင် ဂိုးသွင်း သေချာလွန်းပါတယ်။ သူတို့က တပွဲကို တဂိုး၊ တခါတလေ ပိုတောင် သွင်းနေကြတာ။” လို့ သူက ပြောပါတယ်။

“ကျွန်တော့်အတွက်ကတော့ အဲဒီလိုအဆင့်မျိုး ရောက်အောင် ကြိုးစားဖို့ပါပဲ။ သူတို့လိုပဲ ဂိုးသွင်းမယ်ဆိုရင် ဘယ်လိုမှ တားဆီးလို့မရအောင် သေချာပေါက် ဖြစ်နေဖို့နဲ့ ခြေစွမ်းအမြဲတမ်း တည်ငြိမ်နေဖို့ပါပဲ။”


Comments

Leave a Reply

Your email address will not be published. Required fields are marked *