ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦး သေဆုံး
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူတချို့က ပြောပါတယ်။
ဒီကနေ့ဇွန်လ၂၄ရက် နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မူကြိုကျောင်းမှာ ဒရုန်းဝဲလို့ ကလေးတွေက ဒရုန်းချတယ်ဆိုပြီး ပြေးပုန်းနေတာ။ပြေးပုန်းတဲ့ နေရာကို ထပ်ချတာ။ သစ်ပင်ထိပြီး ကလေးတွေကို ထိတာ။ ကလေး ၂ယောက်ထိတယ်။ ၁ယောက်က အဲနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
ကလေးငယ်တွေဟာ (၁၀)နှစ် ၀န်းကျင်သာရှိသေးပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဗုံးစ ထိမှန်ခဲ့ကြရတယ်လို့ သိရပါတယ်။
“အဲ့နေရာမှာ ရဲဘော်လဲမရှိဘူး၊ တိုက်ပွဲလဲမရှိဘူး၊ စာသင်မယ့်ကလေးလေးတွေပဲရှိတယ်။ဘာအ ကြောင်းပြချက်မှမရှိပဲ စိတ်လိုလက်ရ လုပ်ရက်ကြတာ။အရွယ်တောင် မရောက်သေးတဲ့ ကလေးတွေရဲ့ Dead Body ၊အဘိုး ၁ယောက်ရဲ့ ရင်ကွဲမှု့ ၊ မိခင်တစ်ယောက်ရဲ့ငိုကြွေးသံဒါတွေကိုမြင်နိုင်အောင် ဘယ်လောက်ကျယ်ကျယ်လောင်လောင်ငါတို့ထပ်အော်ရပါဦးမလဲ”လို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဆေးတပ်ဖွဲ့တာ၀န်ရှိသူက ဖြစ်စဉ်နဲ့ပတ်သက်ပြီး သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်း၂ခု နဲ့ မိုးဗြဲမြို့ကနေပြီး တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ နန်းမယ်ခုံမြို့ကို ပြန်ထိန်းချုပ်ဖို့ မကြာခဏ စစ်ကြောင်းထိုးနေပါတယ်။
ဒါပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် မိုးဗြဲမြို့အထွက်မှာပဲ စစ်ကြောင်းက ရှိနေသေးတယ်လို့ သိရပါတယ်။
စစ်တပ်က ထိတွေ့မှုတွေမှာ ထိခိုက်သေဆုံးသူတွေများပါက လေကြောင်း၊လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပြီး မကြာခဏ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။
ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ အခုနှစ် ၂၀၂၆အတွင်း ကရင်နီဒေသမှာ လေကြောင်းတိုက် ခိုက်ခံရမှုတွေကြောင့် ကလေးငယ်တွေအပါအ၀င် အရပ်သား ၃၀ ထက်မနည်းသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရထားပါတယ်။

(စစ်တပ် ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်မိတဲ့ ကလေးငယ်ကို သယ်ဆောင်နေစဉ်။ ဓာတ်ပုံ – chillux may)
မူကြိုကျောင်းမှာ ဒရုန်းဝဲလို့ ဆရာမက အိမ်ပြန်ခိုင်းတဲ့အချိန်
အိမ်ပြန်ရောက်ပီးမှ လက်နက်ကြီးတွေကျတော့ လူကယ်ဖို့သွားတဲ့ချိန် သူတို့လေးတွေကိုပြောင်းဖူးခင်းထဲမပြေးပုန်းခိုင်းခဲ့ရင် ကျနော့်မြေးလေးတွေ အသက်ရှင်နိုင်မလားမသိဘူးနော်တဲ့။
ကျန်တဲ့မြေးတွေက နေရာမှာတင်သေနှင့်ပြီ ဒီတစ်ယောက်တော့ ရမလားဆိုပြီးခေါ်လာခဲ့တာတဲ့ ။
ဆရာမတို့လဲ အသက်မပါတော့တဲ့ ဒီမူကြိုကလေးလေးကို မကယ်နိုင်ခဲ့ပြန်ဘူး ဦးလေးရယ်..
အဲ့နေရာမှာ ရဲဘော်လဲမရှိဘူး၊ တိုက်ပွဲလဲမရှိဘူး၊
စာသင်မယ့်ကလေးလေးတွေပဲရှိတယ်။
ဘာအကြောင်းပြချက်မှမရှိပဲ စိတ်လိုလက်ရ လုပ်ရက်ကြတာ။
အရွယ်တောင်မရောက်သေးတဲ့ကလေးတွေရဲ့ dead body ၊အဘိုးတယောက်ရဲ့ ရင်ကွဲမှု့ ၊ မိခင်တစ်ယောက်ရဲ့ငိုကြွေးသံ
ဒါတွေကိုမြင်နိုင်အောင် ဘယ်လောက်ကျယ်ကျယ်လောင်လောင်
ငါတို့ထပ်အော်ရပါဦးမလဲ။
ဒါတွေက ငါတို့မျက်လုံးတွေထဲက
ဘယ်တော့မှထုတ်ပစ်လို့မရနိုင်တဲ့မြင်ကွင်းတွေ💔
ကရင်နီ


Leave a Reply