ဘူဒါပက်စ်တွင် လူအလောင်းများကို သိမ်းဆည်းထားပြီး စားသောက်သည့် ဆေးရုံဝန်ထမ်းကို ဖမ်းဆီး
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရှိဆေးရုံတစ်ရုံတွင် အလောင်းသယ်သည့် အလုပ်လုပ်ပေးသော အသက် ၃၀ အရွယ် အမျိုးသားကို ဇွန် ၁၇ ရက်က မသင်္ကာသဖြင့် ဟန်ဂေရီ အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုက နေအိမ်အား စီးနင်း ဖမ်းဆီးခဲ့ရာ
လူသေအလောင်း အပိုင်းအစများကို သိမ်းဆည်းထားသလို အစာအဖြစ်လည်း ပုပ်နေသည့်လူသားများကိုပင် စားသောက်သည်ကို သိရှိခဲ့ရသည်။
နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဦးခေါင်းခွံများ၊ ခြေထောက်တစ်ချောင်း၊ လက်တစ်ဖက်၊ ထိန်းသိမ်းထားသော လူမျက်နှာအရေပြားဖြင့် ပြန်လည်ပြင်ဆင်ထားသည့် မျက်နှာတစ်ခု၊ ခရားတစ်ခုအတွင်း သိမ်းထားသည့် နှလုံးတစ်ခုတို့ကို တွေ့ရှိခဲ့ရသည်။

ဇွန် ၂၃ ရက်တွင် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် လူသားအကြွင်းအကျန်များမှာ လူသားစစ် ဟုတ်မဟုတ်၊ တိရစ္ဆာန် ဟုတ်မဟုတ် မှုခင်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြောဆိုသည်။
ယင်းအမျိုးသားက လူသားခန္ဓာဗေဒနှင့် ရောဂါဗေဒပိုင်းကို အထူးစိတ်ဝင်စားသဖြင့် ရရှိသည့် လူသားအစိတ်အပိုင်းများကို ဆေးရုံမှဖြစ်စေ၊ ဟန်ဂေရီတစ်ကျောသာမက ဆလိုဗက်ကီးယားနိုင်ငံအတွင်း သုသာန်များတွင် စွန်ပစ်ထားသည့် အလောင်းအပုပ်အဆွေး၊ အပိုင်းအစ၊ အရိုးများကိုပါ စုဆောင်းသိမ်းဆည်းထားရခြင်းဖြစ်ကြောင်းနှင့် ကြိုက်နှစ်သက်သောကြောင့် အစားအစာအဖြစ်ပင် စားသောက်သည်ဟု ထွက်ဆိုထားသည်။
တာဝန်ရှိသူများသည် လူသားစားအမျိုးသားအိမ်မှ ကွန်ပျူတာများ၊ လက်ပ်တော့များ၊ တက်ဘလက်နှင့် မိုဘိုင်းလ်ဖုန်းများပါ သိမ်းဆည်းထားပြီး သံသယတရားခံသည် လူသတ်သည်မျိုးလည်း လုပ်ကောင်းလုပ်နိုင်ကြောင်း ယူဆနေကြသည်။
ကိုကလင်း
Ref:Thesun


Leave a Reply