ရန်ကုန်မှာ နေ့ခင်းကြီး အိမ်ထဲဝင်ရိုက်ပြီး ကားမီးရှို့မှုအပေါ် ငွေကြေးအရှုပ်အရှင်းအပြင် အိမ်ရှင်လင်မယား လူမုန်းများလို့ ဖြစ်ရတယ်ဆိုကာ အရပ်စကားများ အမျိုးမျိုးထွက်ပေါ်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် အမှတ် (၂) ရပ်ကွက်မှာ ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က နေအိမ်တစ်လုံးအတွင်း လူတစ်စု ဝင်ရောက်ရိုက်နှက် ဖျက်ဆီးခဲ့တာကြောင့် အိမ်ရှင်လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင်းရှိ ပစ္စည်းတွေနဲ့ အိမ်စီးကားတစ်စီးပါ ဖျက်ဆီးခံခဲ့ရပါတယ်။
ဖြစ်စဉ်မှာ ဝေဘာဂီမြို့သစ် အမှတ် (၂) ရပ်ကွက်၊ နဝရတ်လမ်းနဲ့ ပတ္တမြားလမ်းထောင့်ရှိ အိမ်အမှတ် (၂–) သို့ အမျိုးသား ၇ ဦးခန့် ပါဝင်တဲ့ လူစုတစ်စုက ရုတ်တရက် ဝင်ရောက်လာပြီး နေအိမ်ရှိ ပစ္စည်းတွေကို ရိုက်နှက်ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့လို ဝင်ရောက်တိုက်ခိုက်မှုကြောင့် နေအိမ်အတွင်းရှိ အိမ်ရှင်လင်မယားနှစ်ဦးစလုံးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် နေအိမ်တွင် ရပ်နားထားတဲ့ အိမ်စီးကားတစ်စီးလည်း အတော်လေး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရပ်ကွက်အတွင်း နေထိုင်သူအချို့က ငွေကြေးအရှုပ်အရှင်း ပြဿနာတွေရှိတယ်လို့ ကြားမိကြောင်းနဲ့ အကြွေးလာရောက်တောင်းခံရာကနေ စကားများပြီး အခုလို လူစုနဲ့ လာရောက်ရိုက်နှက် ဖျက်ဆီးသွားတာလို့ ပြောပါတယ်။
အချို့ကျတော့ အဆိုပါ လင်မယားဟာ ရပ်ကွက်အတွင်းမှာ လူမုန်းများကြပြီး သူတို့ရဲ့ အမူအကျင့်ကြောင့်ပဲ ဒီလိုပြဿနာဖြစ်လာတာလို့ မှတ်ချက်ပေးပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတာက အရပ်စကား အမျိုးမျိုးရှိနေတာကလွဲလို့ အကြောင်းရင်းမှန်ကို အတည်မပြုနိုင်သေးပါဘူး။
မှုခင်းဖြစ်ပွားရာအိမ်ကို တာဝန်ရှိသူတွေ လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အမှုဖွင့်လှစ်ထားကာ နေအိမ်ကို ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကျူးလွန်သူ အမျိုးသား ၇ ဦးခန့်ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


Leave a Reply