ရပ်ကွက်တွင်းက တာယာခွေချ၊ ပန်းအိုးချပြီး ကားပါကင် နေရာဦးတတ်သူများ သတိ ၊ မိရင် ဒဏ်ငွေ ၁ သိန်းကနေ ၅ သိန်းအထိ အရေးယူခံရမည်
မြန်မာနိုင်ငံတွင် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း ကားပါကင် နေရာဦးသည့်ပြဿနာမှာ ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့တာပါ၊၊

အထူးသဖြင့် ရန်ကုန်မြို့တွင်အမြစ်တွယ်နေသည့် အဆိုပါ ကားပါကင်ဦးသောပြဿနာကြောင့် မြို့ပြပုံရိပ်ကို ထိခိုက်စေသည့်အပြင် မြို့ခံလူထုအကြား ပဋိပက္ခများလည်း မကြာခဏ ဖြစ်ပွားနေတာပါတယ်၊၊
တချို့ကလည်း မိမိ နေအိမ်ရှေ့မှာ တခြားလူ၏ မောတော်ယာဉ်များ လာရောက် ရပ်နားခြင်းကို မကြိုက်သည့် အတွက် ” အိမ်ရှေ့ ဆိုင်ရှေ့ ကားမရပ်ရ လူလိုသိပါ” ဆိုတဲ့စာများ ရေးသားချိတ်ဆွဲထားသလို အိမ်ရှေ့မှာ ပစ္စည်းများချ၍ နေရာ ဦးမှုများ ပြုလုပ်လာပါတယ်။
အချို့သော အိမ်ပိုင်ရှင်များနှင့် လူပုဂ္ဂလိကများသည် မိမိတို့အိမ်ရှေ့ လမ်းမများပေါ်တွင် တာယာခွေထဲ ကွန်ကရစ်လောင်း၍ ချထားခြင်း၊ ပန်းအိုးများ၊ ထိုင်ခုံများနှင့် ပစ္စည်းအမျိုးမျိုးကို တရားမဝင် ချထားခြင်းများ ပြုလုပ်ပြီး မည်သည့်ယာဉ်မျှ လာရောက်ရပ်နား၍မရအောင် တားဆီးထားသည့် အပြင် ယာဉ်မရပ်ရ လူလိုသိပါဆိုတဲ့စာတွေပါ ကပ်ထားကြတာ ဖြစ်ပါတယ်၊၊

အဆိုပါနေရာများတွင် သွားရောက်ရပ်နားမိပါက ပြဿနာရှာ ရန်ဖြစ်ကြသဖြင့် ရဲစခန်းအထိ ရောက်ရှိကုန်သူများပင် ရှိနေပါတယ်၊၊
မကြာသေးမီက ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် လှိုင်မြို့နယ် မဲဆန္ဒနယ်မှ မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့တာ၊၊
ရန်ကုန်မြို့အတွင်းရှိ လမ်းမကြီးများနှင့် လမ်းများပေါ်တွင် ကားပါကင်နေရာဦးထားသည့် အတားအဆီးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ ဒဏ်ငွေ ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ကောက်ခံကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည့်အပြင် အဆိုပါ တရားမဝင်အတားအဆီးအားလုံးကိုလည်း ဖယ်ရှားရှင်းလင်းသွားမှာ ဖြစ်ပါတယ်၊၊
လက်ရှိတွင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများက လိုက်လံဖယ်ရှားပြီး အသိပညာပေးနေသော်လည်း ပြန်လည်ချထားသူများ ရှိနေသဖြင့် ဥပဒေကို လိုက်နာခြင်းမရှိဘဲ ထပ်မံကျူးလွန်သူများကို ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်၊၊

မိတ်ဆွေတို့ နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တွေထဲမှာရော အခုလို ကားပါကင်နေရာဦးတာတွေ၊ စည်ပင်ပိုင်မြေပေါ်မှာ ‘ကားမရပ်ရ’ ဆိုပြီး ကိုယ်ပိုင်စာချိတ်တာတွေနဲ့ ပစ္စည်းတွေ၊ ပန်းအိုးတွေချပြီး နေရာဦးထားတာမျိုးတွေ ရှိကြလား❓
အကယ်၍ အိမ်ရှေ့လမ်းမှာ အဲဒီလိုမျိုး နေရာဦးပြီး ပြဿနာရှာတာတွေ ရှိခဲ့ရင်တော့ ဒဏ်ငွေ ၁ သိန်းကနေ ၅ သိန်းအထိ အရေးယူလို့ရတဲ့ ဒီစည်ပင်ဥပဒေသတင်းလေးကိုပဲ အထောက်အထားအဖြစ် ပြသလိုက်ကြပါ၊၊


Leave a Reply