သထုံနှင့်ပုလော နေသူ ၂ ဦး ပဲခူးတွင် ဓားထောက်ပြီး အိုးဝေလုယက်မှုဖြင့်ဖမ်းဆီးခံရ

ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်နေ အိုးဝေယာဉ်မောင်း မျိုးဝေအောင်သည် ဇွန်လ ၂၃ ရက် ညနေ ၁၈:၄၅ နာရီအချိန်ခန့်က ပဲခူးဘူတာကြီးတွင် ခရီးသည်စောင့်ဆိုင်းနေစဉ် ရထားဆိုက်ရောက်လာပြီး အမည်မသိ အမျိုးသား (၂) ဦးမှ ကလိကားဝင်းသို့ (၁၅,၀၀၀) ကျပ်ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပို့ခဲ့ပါသည်။

​ကလိကားဝင်းသို့ ရောက်ရှိသော်လည်း ထိုလူ (၂) ဦးမှ ရှေ့သို့ ဆက်မောင်းရန် ပြောသဖြင့် ဆက်လက်မောင်းနှင်ပေးခဲ့ရာ ပြည်တော်အေးကျေးရွာအလွန် မြေဩဇာဂိုဒေါင်ရှေ့အရောက်တွင် အပေါ့သွားမည်ဟုဆိုကာ အိုးဝေအား ရပ်ခိုင်းခဲ့သည်။

ထို့နောက် အမျိုးသား (၁) ဦးမှ အောက်သို့ဆင်းကာ ကျန် (၁) ဦးက အိုးဝေနောက်ခန်းမှနေ၍ မျိုးဝေအောင်၏ လည်ပင်းအား ဓားဦးချွန်ဖြင့် ထောက်ကာ “မအော်နဲ့ သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြီး ခြေထောက်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့်တုပ်ကာ အိုးဝေပေါ်မှ ဆွဲချ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

​မျိုးဝေအောင်မှ ကြိုးအားရုန်းကန်ဖြည်ပြီး အကူအညီတောင်းခံရာ လမ်းတွင် အိုးဝေ (၁) စီးနှင့်တွေ့သဖြင့် ပဲခူးမြို့နယ်၊ မယင်းကျေးရွာအဝင်အထိ လိုက်လံကူညီပေးခဲ့သည်။

ထိုအိုးဝေသမားမှာ ခရီးဝေးသွားရန်ရှိသဖြင့် ဆိုင်ကယ်ငှားကာ ဆက်လက်ရှာဖွေစဉ် မယင်းရွာလည်လမ်းဆုံအရောက်တွင် လုယက်သွားသူ (၂) ဦးအား ကားလမ်းမဘက်သို့ လမ်းလျှောက်သွားသည်ကို ပြန်လည်တွေ့ရှိခဲ့ရသည်။

မျိုးဝေအောင်မှ “ငါ့အိုးဝေ ဘယ်မှာလဲ” ဟု မေးမြန်းရာ ၎င်းတို့မှ တွန်းထိုးထွက်ပြေးသဖြင့် အော်ဟစ်အကူအညီတောင်းခံခဲ့ရာ အနီးနားရှိ ရွာသားများမှ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသည်။

​ဖမ်းဆီးရမိသူ (၂) ဦးမှာ ဝေဠုကျော် (ကတိုက်ကလေးရွာ၊ သထုံမြို့) နှင့် ငွေယံဖြိုး (အမှတ် ၄ ရပ်ကွက်၊ ပုလောမြို့) တို့ဖြစ်ပြီး ၎င်းတို့အား ရာဇသတ်ကြီးပုဒ်မ – ၃၈၆/၁၁၄ အရ ထိရောက်စွာ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရှိရပါသည်။

​🤝 ကာယကံရှင်မိသားစုကိုယ်စား အထူးကျေးဇူးတင်လွှာ

​ယခုကိစ္စအဝဝကို စိတ်စေတနာအပြည့်ဖြင့် ဝိုင်းဝန်းဖမ်းဆီးကူညီပေးကြသော (မယင်းရွာသားများ)၊

​လုယူသွားသူနောက်သို့ အမှီလိုက်လံမောင်းနှင်ပို့ဆောင်ပေးခဲ့သော အိုးဝေအဖြူရောင် (မိသားစုသုံးဦး)၊

​အကြံပေးကူညီပေးကြသူများနှင့် ရပ်ကွက်ထဲမှ ညီအစ်ကိုများ၊

​ယခုအမှုကို ချက်ချင်းလက်ငင်း ကိုင်တွယ်ဖြေရှင်းပေးခဲ့ကြသော တာဝန်ရှိသူ လူကြီးမင်းများ အားလုံးကို ကာယကံရှင် မိသားစုများကိုယ်စား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *