နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးကြရန်နှင့် နို့စားနွားများမွေးမြူကြရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးပြန်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပေါများစေရေးအတွက်ဟုဆိုကာ နေပြည်တော်နှင့်ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တရုတ်တစ်သျှူးငှက်ပျောများ စိုက်ပျိုးရန်နှင့် နို့စားနွားများမွေးမြူကြရန် အမိန့်တစ်ရပ် ထုတ် ပြန်သည်။
မြန်မာနိုင်ငံအတွင်း တရုတ်တစ်သျှူးငှက်ပျောမျိုးများ ရယူပြီး နေပြည်တော်၊ ပြည်နယ်/တိုင်းအားလုံးတွင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်အစိုးရများ၏ အစီ အစဉ်ဖြင့် တစ်သျှူးငှက်ပျောစိုက်ခင်းများ မဖြစ်မနေ ထူထောင်ကြရန်အတွက် အမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။
ယင်းအပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုင်းနှင့်ပြည်နယ်အားလုံးတွင် နို့စားနွားမျိုးများနှင့် မွေးမြူရေးဇုန်များ ထားရှိ၍ နို့စားနွားများ တိုင်း/ပြည် နယ်အစိုးရများ၏ အစီအစဉ်နှင့် မွေးမြူကြရန်လည်း ညွှန်ကြားထားသည်။
နေပြည်တော်ကောင်စီ၊တိုင်း/ပြည်နယ်အစိုးရများက စိုက်ပျိုးရရှိထားသော တစ်သျှူးငှက်ပျောများ၊ နွားနို့များကို အခြေခံပညာမူလတန်းကျောင်းများ၊ အလယ် တန်းကျောင်းများသို့ ပေးပို့ကာ ကျောင်းသားများကို ကျွေးမွေးကြရန်လည်း မင်းအောင်လှိုင်၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
“နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး ဝန်ကြီးချုပ် တွေကို မူလတန်းနဲ့အလယ် တန်းကျောင်းသားတွေကို နေ့စဥ်တစ်သျှူးငှက်ပျောသီးတစ်လုံးနဲ့နွားနို့တစ်ခွက်စီတိုက်ဖို့ ကျောင်း တွေမှာတစ်သျှူးငှက်ပျောတွေအလုံအလောက်စိုက်ဖို့နဲ့ မွေး/ကုဌာနက နို့စားနွားတွေအလုံအလောက်မွေးမြူပေးကြဖို့ညွှန်ကြားပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ရှင်းပြသည်။
တရုတ်တစ်သျှူးငှက်ပျောများစိုက်ပျိုးရန်နှင့် နို့စားနွားများ မွေးမြူရန် မြေယာများလိုအပ်ပါက လိုအပ်သော မြေယာများကို သက်ဆိုင်ရာသို့ တင်ပြ၍ တောင်းခံခြင်း၊ ပုဂ္ဂလိက မြေယာများဖြစ်ပါက သိမ်းယူခြင်းများ ဆောင်ရွက်ကြရန်လည်း ညွှန်ကြားချက်တွင် ပါဝင်ကြောင်း သိရှိရသည်။
ယခင်က မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တရုတ်လုပ်ငန်းရှင်များက တရုတ်တစ်သျှူးငှက်ပျောများကို မြေယာများငှားရမ်း၍ စိုက်ပျိုးခဲ့သော်လည်း မြေဩ ဇာနှင့်မြေဆီလွှာကို ပျက်စီးစေသဖြင့် နောက်ပိုင်းတွင် လယ်ယာပိုင်ရှင်များနှင့်တောင်သူများက တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများကို လက်ခံ စိုက်ပျိုးကြခြင်းမရှိတော့ပေ။
တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကဓာတ်မြေသြဇာသုံးစွဲမှုများပြီး မြေ လွှာကိုပျက်စီးသော်လည်း မင်းအောင်လှိုင်၏ အမိန့်ကြောင့် မြန်မာနိုင်ငံတစ် ဝန်းတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ ပေါ်ပေါက်လာမည်ဖြစ် ကြောင်း သိရှိရသည်။
“ဒီညွှန်ကြားချက်က တရုတ်က ပြန်လာပြီးတော့မှ ထွက်လာတာ” ဟု နေပြည် တော်သတင်းရင်းမြစ်က ပြောဆိုသည်။
ယခင်က တရုတ်တစ်သျှူးငှက်ပျောများကို တရုတ်လုပ်ငန်းရှင်များက မြန်မာ နိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများက ဧကရာဇ်နှင့်ချီ၍ မြေယာများကို နှစ်ရှည်ငှားရမ်းကာ စီးပွားဖြစ် စိုက်ပျိုးခဲ့ကြသည်။
အဓိကအားဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ မိုးမောက်၊ ဗန်းမော်နှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ ဒေသများတွင် အများဆုံး စိုက်ပျိုးကြပြီး၊ ပန်းပွင့်ပြီး ၁၀ ပတ်မှ ၁၁ ပတ်အတွင်း အသီးများကို ခူးဆွတ်ကာ တရုတ်နိုင်ငံသို့ ချက်ချင်းတင်ပို့ရောင်းချခဲ့ကြသည်။
သို့သော် ယင်းတစ်သျှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းများသည် သဘာဝပတ် ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့ပြီး စိုက်ပျိုးရေးတွင် ဓာတုဗေဒပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ ရေထုညစ်ညမ်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင်၊ ဒေသခံတောင်သူများ၏ မြေယာများကို နှစ်ရှည်ငှားရမ်းခြင်း သို့မဟုတ် သိမ်းဆည်းခြင်းများကြောင့် မြေယာအငြင်းပွားမှုများလည်း မကြာခဏ ဖြစ် ပွားခဲ့သည်။
ထို့အပြင် တစ်နေရာတည်းတွင် နှစ်ရှည်ဆက်တိုက် စိုက်ပျိုးခြင်းကြောင့် ငှက် ပျောပင်ညှိုးရောဂါများ ကျရောက်နိုင်ပြီး၊ ယင်းရောဂါများသည် အခြားစိုက်ပျိုးသီးနှံများသို့ပါ ကူးစက်ထိခိုက်နိုင်သည့် အန္တရာယ်ရှိကြောင်း စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများက သတိပေးထားသည်။


Leave a Reply