နတ်မောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

နတ်မောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် အကြောင်းမဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါ အဝင် တစ်မိသားစုတည်းမှ မိခင်နှင့် သားဖြစ်သူများအပါအဝင် ပြည်သူ ၅ ဦး နေရာတွင်တင် သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် နတ်မောက်မြို့နယ်အရှေ့ခြမ်းရှိ သမုန်းကုန်းကျေးရွာသို့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ (Jet Fighter) စစ်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့သည့်အပြင်၊ လေယာဉ်ပေါ်မှ စက်သေနတ် (ပွိုင့်) များဖြင့်ပါ ကျေးရွာအတွင်းသို့ ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်တပ်၏ ရက်စက်စွာ လေကြောင်းဖြင့် ဗုံးကျဲမှုနှင့် ပစ်ခတ်မှုတို့ကြောင့် သမုန်းကုန်း ကျေးရွာရှိ နေအိမ်တစ်အိမ်တည်းမှ မိသားစုဝင် ၃ ဦးနှင့်အတူ အခြားရွာခံ ၂ ဦး၊ စုစု ပေါင်း အပြစ်မဲ့ပြည်သူ ၅ ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားပြင်းထန်ဒဏ်ရာရရှိသူ ၃ ဦးလည်း ရှိခဲ့ကြောင်း သိရသည်။

“လေယာဉ်ကို ခပ်နိမ့်နိမ့်လေး ပျံပြီး ဗုံးတွေကျဲတဲ့အပြင် လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ရွာထဲကို မွှေ့ရမ်းပစ်သွားတာ။ လေယာဉ်က ရွာပေါ်မှာ ၂ ခေါက် ပတ်ပျံသန်းပြီး ပစ်ခတ်သွားတာပါ။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရရှာသည့် ပြည်သူ ၅ ဦးမှာ တစ်အိမ်တည်းနေ မိခင်ဖြစ်သူ မသန်းသန်းမော် (အသက် ၃၃ နှစ်)၊ ၎င်း၏သားကြီး မောင်အောင်ဘုန်းခန့် (အသက် ၁၂ နှစ်)၊ သားငယ် မောင်ညီဘုန်းခန့် (အသက် ၈ နှစ်)နှင့် ရွာခံ ၂ ဦးဖြစ်သူ ကိုချစ်ဦး (အသက် ၃၉ နှစ်) နှင့် ဒေါ်ရီ (အသက် ၆၉ နှစ်) တို့ ဖြစ်ကြောင်း သိရှိရသည်။

“နေအိမ်၁၀လုံးခန့်ပျက်စီးပါတယ်။ နတ်မောက်မြို့နယ်အရှေ့ခြမ်း သမုန်းကုန်းကျေးရွာကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၅ ဦးကတော့ ပွဲချင်းပြီး ဆုံးတာပါ” ဟု People’s Defense Organization – Natmauk အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသူများကို ဆေးဝါးကုသမှုပေးနိုင်ရန် လုပ်ဆောင်နေရပြီး အခြား ထိခိုက်ပျက်စီးမှုများလည်း ရှိနေကြောင်း သိရသည်။

စစ်တပ်က ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာ မရှိဘဲနှင့် ပြည်သူ လူထုအပေါ် ယခုကဲ့သို့ ယုတ်မာရက်စက်သည့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတဝှမ်းတွင် ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် ကို အထူးဂရုစိုက်ကြပါရန်နှင့် စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် နတ်မောက်ပကဖက အထူးသတိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *