ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်၊ ဝရုဏာ ၄ လမ်းမှာ ဇွန် ၂၅ ရက် နေ့လယ် ၁ နာရီလောက်မှာ အိမ်ရှင်ကိုမြင်ပြီး လေးလွှာကနေ ခုန်ချထွက်ပြေးတဲ့ သူခိုးတယောက် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဝရုဏာ ၄ လမ်းမှာရှိတဲ့ ခြောက်ထပ်တိုက် ၄ လွှာအခန်းကို မနေ့ နေ့လယ် ၁ နာရီလောက်မှာ အမျိုးသားတယောက်က ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားစဥ် အိမ်ရှင်ကမြင်ပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းရာမှ ကြောက်လန့်ပြီး ခုန်ချထွက်ပြေးခဲ့တာလို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“အိမ်ရှင်မရှိဘူးထင်ပြီး တိုက်ခန်းကို ဖောက်မလို့လုပ်နေတာ။ အိမ်ရှင်ရော၊ ဘေးအခန်းတွေရော အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့အချိန် သူခိုးက ကြောက်လန့်ပြီး တိုက်ခန်းအနောက်ဘက်ကနေ ခုန်ချထွက်ပြေးတာ၊ အောက်က မိလ္လာကန်အဖုံးနဲ့ရိုက်မိပြီး သေသွားတယ်။”

ခုန်ချထွက်ပြေးရင်း ဒဏ်ရာရရှိတဲ့ အမျိုးသားကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လူမှုကူညီရေးအသင်းကို ဖုန်းဆက် အကူအညီတောင်းပြီး ဆေးရုံပို့ဆောင်ပေးခဲ့ရာ ဆေးရုံမှာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“တောင်ဥက္ကလာက မဟုတ်ဘူး၊ ဘယ်မြို့နယ်ကလဲတော့ မသိဘူး၊ လူငယ်ပဲရှိသေးတယ်။ ခန္ဓာကိုယ်ရော၊ ခေါင်းရော ထိသွားတာ။ စံပြဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံကို လွှဲပေးလိုက်တယ်၊ ဆေးရုံမှာ ဆုံးသွားတာ။”

“ကောင်လေးက ငယ်သေးတယ် အသက် ၂၀ ဝန်းကျင်ပဲ ရှိအုံးမယ်၊ အိမ်ရှင်က လန့်အော်တော့ ကြောက်လန့်ပြီး ခုန်ချလိုက်တာ၊ မျက်နှာနဲ့ကျတာ ခေါင်းထိသွားတယ်၊ သူက ဒီရပ်ကွက်ထဲကတော့ မဟုတ်ပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန် ၁၉ ရက်ကလည်း လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာ နေအိမ်နှစ်အိမ် ဖောက်ထွင်းပြီး ကောင်မလေးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိခဲ့ပါတယ်။
အလားတူ မေလအတွင်းက တောင်ဥက္ကလာပမြို့နယ်မှာ ABC ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး iPhone ၂၁ လုံး ခိုးယူခဲ့တဲ့ အမျိုးသားကို ရန်ကင်းမြို့နယ်မှာ ဒီလထဲ ဖမ်းမိခဲ့ပါတယ်။


Leave a Reply