ထားဝယ် အထက ၁ အခမ်းအနားတွင် ကျောင်းသူ ကျောင်းသား ၂၀ အစုလိုက် မူးမေ့လဲ

ထားဝယ်မြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကျောင်းသူ၊ ကျောင်းသားများ အစုလိုက် မူးမေ့လဲကျကြောင်း ကျောင်းသားမိဘများ နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ အချို့ထံမှ သိရသည်။

ကျောင်းတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ကျောင်းတက်ချိန် ၉နာရီခန့်ကစပြီး အမှတ် ၁ ပင်မ ကျောင်းဆောင်ရှေ့ ၌ ကျောင်းသူ ၊ ကျောင်းသားများ မတ်တပ်ရပ်ပြီး ကျောင်းကောင်စီ အခမ်းအနားကျင်းပနေရာမှ ကျောင်းသူ၊ ကျောင်းသား နှစ်ဉီစတင်ပြီး မူးမေ့လဲကျကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းမှ တာဝန်ရှိသူ ဦးန်ုင်မျိုးသွင်က ပြောသည်။

ကျန်ရှိသည့် ကျောင်သား ကျောင်းသူအချို့မှာ စာသင်ခန်းအတွင်း သို့ရောက်ရှိချိန် မူးဝေကြောင်း ၎င်းက ဆိုသည်။

“မူးမေ့လဲကျတာမှာ Grade6နဲ့ Grade7က ကျောင်းသူ၊ ကျောင်းသားတွေ များတယ်။ အခု ထားဝယ်ဆေးရုံအရေးပေါ်ဌာနမှာ။ (ဖြစ်ကြတာက) တက်တာ၊ စကားမေးမရတာတွေ အဖြစ်များတယ်။ စိုးရိမ်စရာတော့ မရှိဘူး ”ဟု တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းတာဝန်ရှိသူဦးနိုင်မျိုးသွင်ကပြောသည်။

မူးမေ့လဲကျသည့် ကျောင်သူ ကျောင်းသားများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်နေကြသည့်အရေးပေါ်ကားများမှာ အစီးရေ တစ်ဆယ် ကျော်ရှိ ကြောင်း မြို့ခံကျောင်းသားမိဘတစ်ဦးကပြောသည်။

ထားဝယ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့အချို့ထံ ဆက်သွယ်မေးမြန်းစုံစမ်းရာတွင်လည်း ကျောင်းသူ၊ ကျောင်းသားများ မူးမေ့လဲကျ၍ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေကြောင်း ပြောဆိုကြသည်။

မူးမေ့လဲကျခဲ့သည့် ကျောင်းသူ၊ ကျောင်းသားဦးရေမှာ ကနဦး ၁၉ ယောက်ရှိပြီး အားလုံးဆေးရုံ တက်ရောက်ကုသမှုခံယူရမည်ဖြစ်ကာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ယခု လက်ရှိ ထားဝယ်ဆေးရုံကြီးတွင် ကူညီ ဆောင်ရွက်နေသူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကျောင်းကောင်စီ အခမ်းအနား၌ ကျောင်းကောင်စီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲဝင်များရွေးချယ်ခြင်း၊ ကျောင်းကောင်စီအဖွဲ့ဝင်များ ကတိသစ္စပြုခြင်း စသည်တို့ပါဝင်ကြောင်း စုံစမ်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *