မိမိနေအိမ် ပြာကျသွားသည့် မြင်ကွင်းကို ကြည့်ပြီး အုတ်ဖိုဒေသခံတစ်ဦး စိတ်ဒဏ်ရာဖြင့် သေဆုံး
စစ်တပ်က ချောင်းဂွရွာရှိကို မီးတင်ရှို့၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ မိမိပိုင်ဆိုင်သည့် နေအိမ် ပြာကျသွားသည့် မြင်ကွင်းကို ကြည့်ကာ စိတ်ထိခိုက်ပြီး အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး စိတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၃၁ ရက်က ချောင်းဂွကျေးရွာအတွင်းသို့ အင်အားသုံး ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ မီးရှို့ခံရမှုကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးနောက် ယခု ဇွန်လ ၂၄ ရက်တွင် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ကြည့်ရှုသည့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဦးသန်းဝင်း အသက် (၅၀) နှစ်မှာ စိတ်ထိခိုက်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“အိမ်ကြီး မီးထဲပါသွားတာကို မျက်စိရှေ့တင်မြင်လိုက်ရပြီး ရွာအတွင်း ပြန်ဝင်လို့ရတဲ့ချိန် ပြန်ဝင်ကြည့် ချိန်မှာ စိတ်ထိခိုက်ပြီး မခံနိုင်ဘဲ ဆုံးသွားရှာတာ။ ရွာက အိမ်ခြေ ၁၀၀ ကျော်လည်း ပြာအတိ ဖြစ်သွား ရတယ်” ဟု ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် အုတ်ဖို ဒေသခံတစ်ဦးက ဆိုသည်။
ရွေးတုအစိုးရစစ်တပ်၏ အဆိုပါ ကျေးရွာမီးရှို့ဖျက်ဆီးမှုကြောင့် ချောင်းဂွကျေးရွာနှင့် အနီးတစ်ဝိုက်မှ ထန်းပင်ကုန်းရွာ အပါအဝင် ဒေသခံပြည်သူ အများအပြားမှာ ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ်ရာကျေးရွာများသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် မိုးရာသီအမိုးအကာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ပုံစာ – မေ ၃၁ ရက်က အုတ်ဖိုမြို့နယ် ချောင်းဂွရွာရှိ ပြည်သူပိုင်နေအိမ်များကို ရွေးတုအစိုးရတပ်က မီးရှို့ဖျက်ဆီးနေစဉ်။


Leave a Reply