ကလေးမြို့တွင် မီတာခကြွေးကျန် ၅၀ ရာခိုင်နှုန်း ချက်ချင်းမဆောင်နိုင်သည့် အိမ်များမှ မီတာ ဘောက်များ လိုက်လံဖြုတ်သိမ်းနေ

ကလေးမြို့တွင် မီတာခကြွေးကျန် ၅၀ ရာခိုင်နှုန်း ချက်ချင်းမဆောင်နိုင်သည့် အိမ်များမှ မီတာ ဘောက်များ လိုက်လံဖြုတ်သိမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ ကြွေးကျန်ရှိနေသည့် အိမ်ထောင်စုများကို ရွေးတုအစိုးရ၏ လျှပ်စစ်ဌာနက မီတာဘောက်များ အဓမ္မဖြုတ်သိမ်းသည့် နည်းလမ်းဖြင့် ဖိအားပေး ငွေကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရွေးတုအစိုးရ၏ လျှပ်စစ်ဌာနက ကြွေးကျန်စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို တစ်ကြိမ်တည်း ဖြင့် အပြီးပေးသွင်းမှသာ မီတာဆက်လက် သုံးစွဲခွင့်ပြုမည်ဟု ကန့်သတ်ထားပြီး အဆိုပါ ပမာဏအတိုင်း ချက်ချင်းပေးသွင်းနိုင်ခြင်းမရှိပါက မီတာဘောက်များကို အတင်းအဓမ္မ ဖြုတ်သိမ်းလျက်ရှိသည်။

“လက်ရှိ မီတာခတွေကို အပြီးသတ်ပေးဖို့ အခက်အခဲရှိတဲ့အိမ်တွေက တော်တော်များတယ်။ အခုက ၅၀ ရာခိုင်နှုန်းကို တစ်ခါတည်းပေးရမယ်ဆိုတော့ အဆင်မပြေတဲ့သူတွေက အများကြီးပါပဲ။ အဲဒီလို မပေး နိုင်တဲ့အိမ်တွေကို မီတာဘောက်တွေ ဖြုတ်သွားတာပါ” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်တွင် အဆိုပါစည်းကမ်း ချက်အတိုင်း ပေးသွင်းနိုင်ခြင်းမရှိသည့် နေအိမ်အချို့၏ မီတာဘောက်များကို လျှပ်စစ်ဌာန ဝန်ထမ်းများက လာရောက်ဖြုတ်သိမ်းသွားခဲ့သည်။

ထိုသို့ မီတာဘောက် ဖြုတ်သိမ်းခံရပါက ကြွေးကျန်ငွေအားလုံးကို အပြည့်အဝ ပြန်လည်ပေးသွင်း နိုင်မှသာ မီတာဘောက်ကို ပြန်လည်တပ်ဆင်ပေးလေ့ရှိသဖြင့် ရွေးတုအစိုးရက ပြည်သူများမှာ ပိုမိုကျပ်တည်းသွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်သွယ်မှုခက်ခဲမှု စသည့် စီးပွားရေးအကျပ်အတည်းများကြောင့် မီတာခ အပြီးသတ်ပေးဆောင်နိုင်ခြင်းမရှိသည့် ပြည်သူအများအပြားမှာ လျှပ်စစ်မီး လုံးဝမရရှိတော့မည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ကလေးမြို့ခံများထံမှ စုံစမ်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *