ရေကြည်မြို့နယ်ရှိ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်းတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း AA မှ ထုတ်ပြန်
အာရက္ခတပ်တော် (AA) မှ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်ရှိ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်းတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ခုလို သိမ်းပိုက်ရာမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှာ ပွိုင့် (၂၈၈) ကုန်းအားလည်းကောင်း၊၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ ပွိုင့် (၁၈၈) ကုန်းကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ပွိုင့် (၁၄၈) ကုန်းတို့ကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ အမတ (၃၄၄) အမြောက်တပ်နဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေက ထုတ်နုတ်အင်အား (၄၀၀) ကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီထိုးစစ်မှာ ယခုတစ်ကြိမ်မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
အာရက္ခတပ်တော်ဟာ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံစစ်တွေနဲ့အတူ တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ခုလို တိုက်ခိုက်တာကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်တပ်ရဲ့ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့တာလို့ ဖော်ပြပါတယ်။
ဒီသိမ်းပိုက်ရရှိခဲ့တဲ့ ပွိုင့်သိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းအများပြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖက်ဆစ် အကြမ်းဖက် စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အနက် ရက္ခိုင်-ဧရာဝတီအစပ်မှာတိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေခဲ့တယ်လို့ ဆိုပါတယ်။
ဖက်ဆစ် အကြမ်းဖက် စစ်တပ်ဟာ အာရက္ခဒေသရဲ့ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းအမျိုးမျိုးနဲ့ ထိုးဖောက်ဖို့ ကြိုးစားလျက်ရှိတာကြောင့် ရက္ခိုင်-ဧရာဝတီ အစပ် နေရာတွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ပြိုင်နက်တည်းမှာ စစ်တွေ၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေး အစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်နှင့်ထိစပ်နေတဲ့ ချင်းပြည်ရဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အစပ်နေရာတွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားရာနေရာအနှံ့မှာလည်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လူလှိုင်းအသုံးပြု ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။






ဓာတ်ပုံ- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့ (အာရက္ခတပ်တော်ရဲ့ သတင်းနဲ့ ပြန်ကြားရေး)


Leave a Reply