အာဇာနည်နေ့ မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို စစ်အုပ်စုက လိုက်လံ ဖြိုချဖျက်ဆီးနေ
မကွေးတိုင်း မြို့တွေရှိ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်း စစ်အုပ်စုက ဖြိုချဖျက်ဆီး
နိုင်ငံတဝန်းမှာ ပြည်သူတွေ အမြတ်တနိုး စိုက်ထူထားတဲ့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရုပ်တုတွေကို အာဏာသိမ်း စစ်အုပ်စုက လိုက်လံ ဖျက်ဆီးနေပြီး မကွေးတိုင်း ရေစကြိုမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း ဒီမနက်ပိုင်း စစ်အုပ်စုက ဖြိုချဖျက်ဆီးခဲ့ပါတယ်။
ဇူလိုင် ၅ ရက် ည ၁၂ နာရီကျော်အချိန် ရေစကြိုမြို့ရုံးပေါင်းစုံဝန်းအတွင်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်အုပ်စုက စက်ယန္တရားနဲ့ ဖြိုချဖျက်ဆီးခဲ့တာဖြစ်ပြီး အာဇာနည်နေ့ နီးတာကြောင့် အားလုံး ဖြိုချဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ည ၁၂နာရီဝန်းကျင်လောက်က စတင် ဖျက်ဆီးတာဗျ၊ အာဇာနည်နေ့ နီးတာကြောင့်လို့ ထင်တယ်၊ ရုပ်တုတောင် ကြောက်တာဗျာ၊ ဒီကောင်တွေ အငုံစိတ်က ကြောက်စရာတော့ ကောင်းတယ် လက်နက်ကိုင် ထားပြီး” လို့ ရေစကြိုဒေသခံက ပြောပါတယ်။
ရေစကြိုမြို့ ရုံးပေါင်းစုံဝန်းထဲရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဖြိုချဖျက်ဆီးပြီးနောက် စစ်အုပ်စုက ရုံးပေါင်းစုံရှေ့ လမ်းကို အသွားအလာ ပိတ်ပင်ထားသလို ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စု ရန်ကြောင့် အဲ့ဒီ ရုံးပေါင်းစုံရှေ့ အသွားအလာ သိပ်မရှိဘူးလို့ ဆိုပါတယ်။
ရေစကြိုမြို့သာမက မကွေးတိုင်း၊ မင်းဘူးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း စစ်အုပ်စုက ဖြိုချ ဖျက်ဆီးခဲ့သလို တောင်တွင်းကြီးနဲ့ တခြားမြို့တွေ့မှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကိုလည်း စစ်အုပ်စုက ဇွန်လ နောက်ဆုံးအပတ်အတွင်း လိုက်လံ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပခုက္ကူခရိုင်၊ ကမ္မမြို့မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ရှိပြီး လက်ရှိမှာတော့ အာဏာသိမ်း စစ်အုပ်စုက ပခုက္ကူမြို့ကနေ အင်အား ၁၀၀ လောက် ကမ္မမြို့ဘက် ဦးတည်စစ်ကြောင်းထိုးလာနေကာ ဗိုလ်ချုပ်ကြေးရုပ်ကို ဖြိုချဖျက်ဆီးဖို့ လာတာလို့ သတင်းလွှင့်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတဝန်းရှိ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဇူလိုင် ၁၉ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့မတိုင်မီ လိုက်လံဖျက်ဆီးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို ခိုင်းစေထားတယ်လို့ သတင်းထွက်နေပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မကွေးတိုင်းသာမက တခြားတိုင်းနဲ့ပြည်နယ်တွေရှိ ဗိုလ်ချုပ်ကြေးရုပ်တွေကို လိုက်လံ ဖျက်ဆီးနေပြီး ဇွန် ၂၈ရက် ညသန်းခေါင်အချိန်ကတည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို အာဏာသိမ်း စစ်အုပ်စုက ဘက်ဟိုးနဲ့ ထိုးချ ဖျက်ဆီးခဲ့ပါတယ်။
ရေဦးမြို့ အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်တုတွေကို အာဏာသိမ်း စစ်အုပ်စုက တစ်မြို့ပြီးတစ်မြို့ လိုက်လံ ဖျက်ဆီးနေတာဟာ ပြည်သူလူထုရဲ့ သမိုင်းအမွေအနှစ်နဲ့ အမျိုးသားဂုဏ်သိက္ခာကို မလေးစားတဲ့ လုပ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုတန်ဖိုးတွေကိုပါ ထိခိုက်စေတဲ့အတွက် ပြင်းထန်စွာ ရှုံ့ချကြောင်းနဲ့ စစ်အုပ်စု အနေနဲ့ သမိုင်းကို ဖျက်ဆီးရုံနဲ့ အမှန်တရားကို ဖျောက်ဖျက်နိုင်မည် မဟုတ်ဆိုတာကို အလေးအနက် သတိပေးလိုကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
စစ်အုပ်စု ဇွန်လ ၉ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ဖျက်ဆီးခဲ့သလို ၂၀၂၅ ဇူလိုင်လက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဗိုလ်ချုပ်ရုပ်တု၊ ၂၀၂၅ ဩဂုတ်လမှာ ပဲခူးမြို့ရှိ ဗိုလ်ချုပ်ရုပ်တု၊ ၂၀၂၅ နိုဝင်ဘာက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုနဲ့ ၂၀၂၄ အောက်တိုဘာက မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုတွေကို ဖျက်ဆီးခဲ့ပါတယ်။





စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို စစ်အုပ်စုက မဖျက်ဆီးမီနဲ့ ဖျက်ဆီးအပြီး တွေ့ရစဉ်/Photo – ဒေသခံ


Leave a Reply