ကျောက်ဖြူတိုက်ပွဲ ရပ်တန့်နေချိန် AA က စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံးအချို့ရှိနေ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ယာယီရပ်တန့်နေချိန်မှာ အာရက္ခတပ်တော် (AA) က အာဏာသိမ်း မြန်မာစစ်တပ် စစ်ကြောင်းတွေကို စနိုက်ဘာတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံးမှုအချို့ ရှိနေတယ်လို့ သတင်းရရှိပါတယ်။
အာရက္ခတပ်တော်ဟာ အဝတောင်၊ သိုင်းချောင်းနဲ့ မင်းပြင်အနီးရှိ အကြမ်းဖက်စစ်တပ်ဖက်မှ တပ်သားတွေကို အလွတ်မပေးဘဲ စနိုက်ဘာနဲ့ ပစ်ခတ်တာကြောင့် ခုလို သေဆုံးမှုတွေ ရှိနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဇွန်လနောက်ဆုံးအပတ်မှာ တောင်မော်ဦးစခန်း အနီးက အ၀တောင်ကျေးရွာပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတချို့ အနည်းငယ်ဖြစ်ပွားတာ ရှိခဲ့ပေမယ့် လက်ရှိဇူလိုင်လ ၁ ရက်နေ့ကစပြီး မနေ့က ဇူလိုင်လ ၆ ရက်နေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲရပ်တန့်နေတယ်လို့ ဆိုပါတယ်။
ဒီအချိန်မှာ AA က မိုးရွာနေတာကို အခွင့်အရေးအဖြစ် အသုံးချပြီး စနိုက်ဘာတွေနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေ ယာယီရပ်တန့်နေပေမယ့် မြန်မာစစ်တပ်ဖက်ကတော့ (AA) ရဲ့ တန်ပြန်ထိုးစစ် ရောက်ရှိလာမှာကို စိုးရိမ်ပြီး လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ကင်းထောက် တာတွေကိုတော့ ရံဖန်ရံခါ ပြုလုပ်နေတယ်လို့ ၎င်းစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ဆက်လက် ပြောဆိုပါတယ်။
” ထိတွေ့တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်ဖက်က စနိုက်ဘာပစ်ခတ်ခံရတာနဲ့ AA လျှပ်တစ်ပြက် ဝင်တိုက်မှာကို စိုးရိမ်ပြီး ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေကို ရမ်းသန်းပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ကင်းထောက် တာတွေတော့ တွေ့နေရတယ် ” လို့ ပြောပါတယ်။
အကြမ်းဖက် မြန်မာစစ်တပ်ဟာ တောင်မော်ဉီးရေတပ်မှ တဆင့် AA ထိန်းချုပ်ထားတဲ့ စနဲမြို့ဘက်ကို အနည်းဆုံး ၃ ကြိမ်ခန့် ကြည်းရေလေ အသုံးပြုပြီး အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် အကျအဆုံးများပြီးနောက် ထိုးစစ်ဆင်မှုကို ရပ်နားထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တောင်မော်ဦး ရေတပ်စခန်းအနီးက အဝတောင်ကျေးရွာ ပတ်ဝန်းကျင်ကို အင်အား ၄၀၀ ခန့်ဖြည့်ထားပြီး ယာယီစခန်းတွေတည်ဆောက်ကာ ခံစစ်အနေနဲ့ နေနေကြတယ်လို့ ဆိုပါတယ်။
အခုလိုယာယီ စခန်းချရပ်တန့်နေတဲ့ စစ်ကြောင်းစခန်းတွေကို AA က စနိုက်ဘာနဲ့ တိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Leave a Reply