“အိမ်စောင့်မြွေလို့ အဖွားယုံကြည်တဲ့ စပါးအုံးကြီး… ထိုးမယ့် ထီးနံပါတ်ပါ ပြောလိုက်သေး”
ဒီဖြစ်စဉ်ကတော့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၁ နာရီလောက်က ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟစ်မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။
အသက် ၇၅ နှစ်အရွယ် အဖွားတစ်ဦးက သူ့အိမ်ထဲကို ဧရာမစပါးအုံးမြွေတစ်ကောင် ထပ်မံဝင်ရောက်လာတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခဲ့ပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်သွားချိန်မှာတော့ အရှည် ၄ မီတာကျော်ရှိပြီး ခန္ဓာကိုယ်က လူခြေသလုံးလောက်တုတ်တဲ့ စပါးအုံးမြွေကြီးဟာ ပစ္စည်းသိုလှောင်ခန်းထဲမှာ ပုန်းနေခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ကြိုးကွင်းနဲ့ လည်ပင်းကို ဖမ်းထိန်းပြီး အပြင်ကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် မြွေကြီးက အပြင်းအထန် ရုန်းကန်နေတဲ့အတွက် ကယ်ဆယ်ရေးဝန်ထမ်း ၂ ဦးနဲ့ ဒေသခံ ၂ ဦး စုစုပေါင်း ၄ ဦးက ၁၀ မိနစ်ကျော် ကြိုးစားပြီးမှ အိတ်ထဲထည့်နိုင်ခဲ့ပါတယ်။
အိမ်ရှင်အဖွားရဲ့ ပြောပြချက်အရ ဒီမြွေဟာ လွန်ခဲ့တဲ့ တစ်လလောက်ကလည်း အိမ်ထဲကို ဝင်ရောက်ခဲ့ဖူးပြီး သူမွေးထားတဲ့ ကြောင်တချို့ကို စားသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက မြွေရဲ့အမြီးကို ဆွဲဖမ်းထားဖို့ ကြိုးစားခဲ့ပေမယ့် အကောင်ကြီးလွန်းလို့ မထိန်းနိုင်ဘဲ လွတ်မြောက်သွားခဲ့ပါတယ်။
အခုတစ်ခေါက်မှာတော့ အိမ်ခေါင်မိုးပေါ်ကနေ ခေါင်းထောင်ပြီး ပြန်ပေါ်လာတာကို တွေ့လို့ ချက်ချင်း အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။
အဖွားကတော့ ဒါဟာ ဒီနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့ “အိမ်စောင့်မြွေ” ဖြစ်နိုင်တယ်လို့ ယုံကြည်ပေမယ့် အိမ်ထဲမှာ အတူနေဖို့ မဖြစ်နိုင်တာကြောင့် သဘာဝထဲကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအဖြစ်အပျက်ကြောင့် အိမ်နံပါတ် ” 73/22 ”ကိုလည်း ဒီတစ်ကြိမ် ထီကံစမ်းဖို့ စိတ်ကူးထားတယ်လို့ ရယ်ရယ်မောမော ပြောခဲ့ပါသေးတယ်။


Leave a Reply