❝ မိုးကြီးမှုကြောင့် တရုတ်မှာ မြွေမွေးမြူရေးခြံပြိုကျပြီး မြွေအကောင်ရေ ၉၀၀ ခန့် လွတ်မြောက်၊ ရေကြီးမှုနဲ့ လေဆင်နှာမောင်းကြောင့် လူ6သဆုံးမှုများ ❞
တရုတ်နိုင်ငံမှာ သမိုင်းဝင်မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှု၊ မြေပြိုမှုနဲ့ ရှားပါးတဲ့ လေဆင်နှာမောင်းတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လူ6သဆုံးမှုတွေရှိနေသလို မြွေမွေးမြူရေးခြံတစ်ခု ပြိုကျပြီး မြွေကောင်ရေ ၉၀၀ ခန့် လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးလေဝသပညာရှင်တွေကတော့ ကမ္ဘာကြီးပူနွေးလာမှု (Global Warming) နဲ့ El Niño ရာသီဥတုဖြစ်စဉ်တို့ရဲ့ သက်ရောက်မှုကြောင့် ဒီနှစ် တရုတ်နိုင်ငံဟာ မုန်တိုင်း၊ မိုးသည်းထန်မှု၊ ရေကြီးမှုနဲ့ မြေပြိုမှုလို သဘာဝဘေးအန္တရာယ်တွေကို “ပိုမိုရှုပ်ထွေးပြီး ပြင်းထန်တဲ့ အခြေအနေ” နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။
တရုတ်နိုင်ငံရဲ့ ရေကြီးမှုဟာ ဇူလိုင် ၁ ရက်က စတင်ခဲ့ပြီးနောက် သမ္မတ Xi Jinping ကလည်း ကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ကုသရေးနဲ့ ဘေးသင့်ပြည်သူတွေကို နေရာချထားရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
တရုတ်တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ ရေကြီးမှုသတိပေးချက်ကို အမြင့်ဆုံး အနီရောင်အဆင့် အထိ တိုးမြှင့်ထားပါတယ်။
အဲ့ဒီဒေသမှာရှိတဲ့ Hengzhou မြို့က မြွေမွေးမြူရေးခြံတစ်ခု ပြိုကျသွားခဲ့ပြီး မြွေကောင်ရေ ၉၀၀ ခန့် လွတ်မြောက်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ ရေခါးလယ်အထိ နစ်မြုပ်နေတဲ့ လူတွေဟာ ဝါးချောင်းတွေ ကိုင်ပြီး လွတ်မြောက်သွားတဲ့ မြွေတွေကို ဖမ်းဆီးဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။
ကျေးရွာတာဝန်ရှိသူ Wu Zhi ကတော့ လွတ်သွားတဲ့ မြွေအများစုဟာ အဆိပ်မရှိတဲ့ မြွေတွေဖြစ်ပြီး လူ ၁၀ ယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ငါးဖမ်းပိုက်တွေနဲ့ လျှပ်စစ်ရှော့6သနတ်တွေ အသုံးပြုပြီး ဖမ်းဆီးဖို့ စေလွှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် နေအိမ်တွေထဲမှာ မြွေတွေတွေ့ရင် လက်နဲ့ မဖမ်းဖို့ ကိုလည်း ဒေသခံတွေကို သတိပေးထားပါတယ်။
အင်္ဂါနေ့မွန်းလွဲပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံတစ်ဝန်း မြစ် ၆၂ စင်း ဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်သွားခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
Guangxi ဒေသက Qingshui မြစ် မှာတော့ တိုင်းတာမှတ်တမ်း စတင်ထားတဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေကြီးမှုကို မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။
အိမ်နီးချင်း Guangdong ပြည်နယ်မှာလည်း Zhaoqing ဒေသအတွက် ပထမဆုံးအကြိမ် ရေကြီးမှု အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
အနောက်မြောက်ပိုင်း Gansu ပြည်နယ် Longnan ကျေးရွာမှာ ဖြစ်ပွားတဲ့ မြေပြိုမှုအတွင်း လူ ၃၃ ယောက် ပိတ်မိခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ၂၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် အဲ့ဒီထဲက ၅ ယောက် 6သဆုံးခဲ့တယ် လို့ဆိုပါတယ်။
ဒေသမိုးလေဝသဌာနကတော့ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ မြေပြိုနိုင်ခြေရှိကြောင်း ကြိုတင်သတိပေးထားခဲ့ပါတယ်။
တရုတ်အလယ်ပိုင်း Hubei ပြည်နယ်မှာတော့ မိုးသည်းထန်မှုနဲ့ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၁၁ ယောက် 6သဆုံးပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
Huanggang မြို့မှာ လူ ၁၇၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ သလို လူ ၂၆၉ ယောက် ကိုလည်း ဟိုတယ်တွေနဲ့ ဆွေမျိုးအိမ်တွေကို ရွှေ့ပြောင်းထားရပါတယ်။
အိမ်ခေါင်မိုးတွေ၊ လမ်းတွေ၊ သစ်ပင်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အများအပြား ပျက်စီးခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ ဒေသခံတွေဟာ ဆိုင်တံခါးတွေကို အတင်းပိတ်ထားဖို့ ကြိုးစားနေချိန် ထီးတွေ၊ ထိုင်ခုံတွေနဲ့ သစ်ကိုင်းတွေ လေထဲ လွင့်ပျံနေတာကို တွေ့ရပါတယ်။
မိုးလေဝသပညာရှင် Wang Xiaoling ကတော့ ဒီလေဆင်နှာမောင်းဟာ Hubei ပြည်နယ်မှာ နှစ်အတော်ကြာအတွင်း ပထမဆုံးဖြစ်ပွားတာ ဖြစ်ပြီး Typhoon Maysak ရဲ့ လက်ကျန်မုန်တိုင်းစနစ်၊ ဒေသခံမိုးတိမ်တွေနဲ့ အရှေ့မြောက်ဘက်က အေးမြတဲ့လေထုတို့ ပေါင်းစပ်သွားတာကြောင့် ဖြစ်ပေါ်ခဲ့တာလို့ ရှင်းပြပါတယ်။
လေဆင်နှာမောင်းရဲ့ လေတိုက်နှုန်းဟာ တစ်စက္ကန့်ကို ၄၀ မီတာ ခန့် ရှိပြီး ကားတွေကိုတောင် လှန်ပစ်နိုင်တဲ့အထိ အားပြင်းတယ်လို့ Wang က ပြောပြခဲ့ပါတယ်။
Guangxi ဒေသမှာ ရေ၊ လျှပ်စစ်နဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ဒေသတွေ များလာပြီး လူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်းခံမှုတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။
Guigang မြို့က ဆေးရုံတစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အများအပြား ပိတ်မိနေပြီး ဆေးဝန်ထမ်းတွေ ထပ်မံဝင်ရောက်နိုင်ဖို့ လှေတွေပို့ပေးဖို့ အကူအညီတောင်းခံထားပါတယ်။
နောက်ထပ် ဒေသခံတစ်ယောက်ကလည်း Binyang ခရိုင်မှာ ၂၄ နာရီအတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ပုံမှန် ၆ လစာနဲ့ ညီမျှတယ် လို့ ရေးသားထားပြီး “အကူအညီတွေ အမြန်ရောက်လာဖို့ မျှော်လင့်ပါတယ်။ ကျနော့်ရဲ့ မွေးရပ်မြေအတွက် ဆုတောင်းပေးနေပါတယ်” လို့ ဆိုထားပါတယ်။
အကျိုးအမြတ်မယူတဲ့ ကယ်ဆယ်ရေးအဖွဲ့ Zhuoming Disaster Information Service Centre ရဲ့ စာရင်းအရ အင်္ဂါနေ့ မွန်းတည့်ချိန်အထိ Guangxi ဒေသမှာ လူ ၄,၀၀၀ ကျော် အကူအညီတောင်းခံထားပါတယ်။
မိုးလေဝသပညာရှင်တွေကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း El Niño ပိုမိုအားကောင်းလာနိုင်ခြေကြောင့် တရုတ်နိုင်ငံမှာ အရင်က မတွေ့ဖူးတဲ့ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ဆက်လက်ကြုံတွေ့နိုင်တယ်လို့ သတိပေးထားပါတယ်။
တရုတ်အစိုးရပိုင် CCTV ရဲ့ ဖော်ပြချက်အရ အမေရိကန်ပစိဖိတ်ကျွန်းစုတွေကို လက်ရှိဝင်ရောက်တိုက်ခတ်နေတဲ့ စူပါတိုင်ဖွန်း Bavi ဟာ လာမယ့် တနင်္ဂနွေနေ့ မှာ တရုတ်နိုင်ငံကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


Leave a Reply