Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် ပြုကျင့်

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ညက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦး အိပ်နေချိန် နေအိမ်ကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦး ရောက်လာကာ အမျိုးသမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ ကျောင်းဆရာမကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်နေချိန်မှာ ယောက်ျားဖြစ်သူက ထွက်ပြေးပြီး အင်းတော်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုမှ စစ်ကြောင်းမှူး ဗိုလ်ကြီးအောင်ကိုဝင်းရဲ့ ဖခင်ဖြစ်သူ ဦးဝင်းအောင်ထံ သွားရောက် အကူညီတောင်းခံခဲ့ပေမယ့် ကူညီမှုမပေးခဲ့ဘူးလို့ သိရပါတယ်။

“သူ့မိန်းမ ကျောင်းဆရာမကို စစ်သား ၅ ယောက်က လိင်ပိုင်းဆိုင်ရာကျင့်နေတဲ့အချိန် သူတို့တပ်ထဲက စစ်ကြောင်းမှူးရဲ့ အဖေကို သွားပြီးအကူအညီတောင်းတာ၊ စစ်ကြောင်းမှူးအဖေက ငြိမ်နေလိုက်၊ မနက်မှ ပြောပေးမယ်၊ အခုက ညကြီးမလို့ မလိုက်နိုင်ဘူးလို့ ပြောလိုက်တယ်” လို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်မှာ ကျန်ရစ်ခဲ့တဲ့ ကျောင်းဆရာမဟာ အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးရဲ့ လိင်ပိုင်းဆိုင်ရာပြုကျင့်ခြင်း ခံခဲ့ရပြီးနောက် အဝတ်ဗလာနဲ့ လမ်းမပေါ် ထွက်ပြေးကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဧပြီလနဲ့ မေလတွေမှာ အင်းတော်မြို့၊ နဘားလမ်းဆုံ၊ နဘားကျေးရွာနဲ့ မော်လူးမြို့တို့ကို တော်လှန်ရေးတပ်တွေထံက ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ပညာရေး၊ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပြန်လည်လည်ပတ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ အင်းတော်မြို့ရဲ့တောင်ဘက် ၁၀ မိုင်အကွာက မဲဇာစံပြကျေးရွာကို အာဏာသိမ်းစစ်အုပ်စုက ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ သိရပြီး အင်းတော်-ကသာလမ်းနဲ့ မော်လူး၊ နဘားလမ်းဆုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *