ရန်ကုန်မြစ်နဲ့ ဘားအံမြို့မှာ ရေကြီးနိုင်လို့ မြစ်ကမ်းဘေးနေသူတွေ ကြိုပြင်ဆင်ဖို့သတိပေး
ရန်ကုန်မြို့၊ ရန်ကုန်မြစ်ထဲမှာ သာမန်ထက်ထူးကဲတဲ့ ဒီရေမြင့်လာနိုင်လို့ မြစ်ကမ်းဘေးနားကနေအိမ်တွေ ရေဝင်နိုင်တာကြောင့် ကြိုပြင်ဆင်ဖို့ဆိုပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဒီနေ့ သတိပေးချက်ထုတ်ပြန်ပါတယ်။ ထူးကဲ ဒီရေဟာ ဇူလိုင် ၁၄ ရက်နေ ၁၈ ရက်အတွင်းမှာတက်လာနိုင်လို့ အခုလိုသတိပေးချက်ကြိုထုတ်တာလို့ ဆိုပါတယ်။
အဲဒီရက်ပိုင်းအတွင်း ဒီရေမြင့်တက်လာတဲ့အခါ ရန်ကုန်မြစ်ရဲ့ဒီရေအမြင့်စံ သတ်မှတ်ချက်ထက် ပေ ၂၀ ကျော်အထိမြင့်နိုင်တယ်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
ဒီနေ့မနက်ပိုင်းအထိ မြစ်ရေဆက်တိုးနေတဲ့ ကရင်ပြည်နယ်က သံလွင်မြစ်ရေကတော့ နောက်နှစ်ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဘားအံမြို့နယ်ထဲက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ ကြိုတင်သတိပြုမိဖို့၊ မြစ်ရေတက်လာရင် အချိန်မီရှောင်ရှားဖို့ သတိပေးလာတာဖြစ်ပါတယ်။
“မြို့ခံတွေကတော့ ကမ်းနားလမ်းနဲ့ အမှတ် ၂ ရပ်ကွက်ဘက်ကို စောင့်ကြည့်ကြတယ်။ အဲ့ဒီနေရာတွေ ရေကျော်ရင် မြို့ရေကြီးပြီဆိုတော့လေ။ အခုထိတော့ လမ်းပေါ်ရေမတက်လာသေးဘူး” လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။
မိုးဇလရဲ့ ဒီနေ့မနက်ပိုင်းတိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကို ရောက်နေပါတယ်။ ဒီမနက် ၈ နာရီအချိန်တိုင်းတာချက်အရလည်း ဒီနေ့ကနေ ဇူလိုင် ၁၇ ရက်အထိ ရန်ကုန်နဲ့ ကရင်ပြည်နယ်မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဒါ့အပြင် တခြားတိုင်းနဲ့ ပြည်နယ် ၉ ခုမှာလည်း မိုးကြီးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းအနီးနေသူတွေကို သတိပြုနေထိုင်ဖို့ ပြောထားပါတယ်။


Leave a Reply