ဖိလစ်ပိုင် အာဆီယံမှ နုတ်ထွက်သင့်ဟု ဘူးလက်လှဆွေ လွှတ်တော်၌ ဆွေးနွေး

မြန်မာ့အရေး စွက်ဖက်သည့် ဖိလစ်ပိုင် အာဆီယံမှ နုတ်ထွက်သင့်ဟု ဘူးလက်လှဆွေ လွှတ်တော်၌ ဆွေးနွေး

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းရေး စွက်ဖက်ကာ ပဋိညာဉ် ချိုးဖောက်နေသည့်အတွက် အာဆီယံအဖွဲ့မှ နုတ်ထွက်သင့်ကြောင်း အာဏာသိမ်းစစ်တပ် လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမတ် ဘူးလက် ဦးလှဆွေက ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။

၎င်းက “ကျနော်တို့ဟာ သူများနိုင်ငံက သူပုန်တွေ၊ လက်နက်ကိုင် သောင်းကျန်းသူတွေ၊ အတိုက်အခံတွေကို ခေါ်ပြီး ဆွေးနွေးတာတွေ မလုပ်ဘူး။ ကျနော်တို့နိုင်ငံက အတိုက်အခံတွေ၊ ပြည်ပြေးတွေ၊ ဝရမ်းပြေးတွေကိုခေါ် ဆွေးနွေးတာဟာ ကျနော်တို့ ပြည်တွင်းရေး စွက်ဖက်နေတာ၊ ပဋိညာဉ်ကို ချိုးဖောက်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံက နုတ်ထွက်စရာမလိုဘဲ ပဋိညာဉ်ကို ချိုးဖောက်ပြီးတော့မှ ဒီစတိတ်မန့်တွေကို ထုတ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကသာလျှင် အာဆီယံအဖွဲ့ကြီးကနေ နုတ်ထွက်သင့်ပါတယ်” ဟု ပြောသည်။

ကလောမြို့နယ်အမတ် ဒေါက်တာ နန္ဒာလှမြင့်၏ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား ပြန်လည်သုံးသပ်ရေးအဆိုကို ဆွေးနွေးစဉ် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကာ ထိုဘုံသဘောတူညီချက် ထုတ်ပြန်ချက်မှာ နောက်ကျောဓားနှင့် ထိုးသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ဆိုသည်။

ဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီး ၎င်းက “5 Point Only Filipino Statement လို့ပဲပြောချင်တယ်၊ ဒါဟာ ဖိလစ်ပိုင်နိုင်ငံ တနိုင်ငံတည်းက ထုတ်ထားတာ၊ ကျနော်တို့ ယာယီသမ္မတကြီး အဲဒီတုန်းက ပြန်ကာမှ နောက်ကျောကို ဓားနဲ့ထိုးတဲ့ ထုတ်ပြန်ချက်ဖြစ်တယ်။ ဒါကို ကျနော်တို့က လက်ခံလို့မရဘူး” ဟုလည်း ပြောဆိုသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား အာဏာသိမ်းအပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့သည့် ၂၀၂၁ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေး၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဘုံသဘောတူညီချက် ၅ ချက် အပြည့်အဝ အကောင်အထည်မဖော်မှုကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်အား အာဆီယံထိပ်သီး အစည်းအဝေးများမှ ဖယ်ကြဉ်ထားသည်မှာလည်း အမျိုးသားရေး ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဘူးလက် ဦးလှဆွေ က ပြောသည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့အရေးဖြေရှင်းရေးအတွက် ဘက်ပေါင်းစုံနှင့် ထိတွေ့ ချဉ်းကပ်ရန် ကြိုးပမ်းလျက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး လာဇရို နေပြည်တော်သို့ သွားရောက် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့်အပြင် တော်လှန်ရေးအင်အားစုများနှင့်လည်း ဖိတ်ခေါ် ၍ တွေ့ဆုံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *