လားရှိုးမှာ ဆိုင်ကယ်လုယက်သူတွေကို ပိုင်ရှင်ဖြစ်သူက ဓားနဲ့ခုတ်သတ်လို့ တစ်ဦးသေဆုံး
ဆိုင်ကယ်ပိုင်ရှင်ကို လူသတ်မှုနဲ့ စစ်ကောင်စီဖမ်းဆီးထား
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မှာ ဆိုင်ကယ်လုယက်သူတွေကို ပိုင်ရှင်ဖြစ်သူက ဓားနဲ့ခုတ်သတ်လို့ တစ်ဦးသေဆုံးသွားတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက် (၅) အမှတ်- ၁၀ အခြေခံပညာအထက်တန်းကျောင်းအနီးရှိ နေအိမ်တစ်ခုမှာ အမျိုးသား ၃ ဦးက ဆိုင်ကယ်ကို လုယက်ဖို့ ကြိုးစားစဉ် အိမ်ရှင်ဖြစ်သူက ဓားနဲ့လိုက်ခုတ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်အတွင်း ဆိုင်ကယ်လုယက်သူ အမျိုးသား ၃ ဦးထဲက ၁ ဦးဟာ သေဆုံးသွားပြီး ကျန် ၂ ဦးက လွတ်မြောက်သွားကာ အိမ်ရှင်ဖြစ်သူ အမျိုးသားကို စစ်ကောင်စီတပ်က လူသတ်မှုနဲ့ ဖမ်းဆီးထားတယ်လို့ ရပ်ကွက် (၅) နေ ဖြစ်စဉ်ကို သိရှိသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အိမ်ရှေ့အထိကို လာလုတာ။ ဆိုင်ကယ်တွန်းပြီး အထဲကို ဝင်မလို့ ၃ ယောက်လာလုတာ။ ဓားနဲ့လိုက်ခုတ်တာ တစ်ယောက်က ခေါင်းထိပြီး သေသွားတယ်။ ခိုးတဲ့တရားခံတွေကျတော့ မဖမ်းနိုင်ဘူး။ ဓားနဲ့ခုတ်တဲ့သူကို လူသတ်မှုနဲ့ ဖမ်းသွားတယ်” လို့ ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ထိန်းချုပ်ပြီးနောက် ဓားပြ၊ လုယက်မှု၊ လူသတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က အရေးယူနိုင်ခြင်းမရှိတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။
“လုယက်မှုတွေက ခဏခဏဖြစ်တယ်။ ဆိုင်ကယ်တွေ လုခံရတယ်။ ဓားနဲ့ခုတ်သွားတာတွေလည်း ရှိတယ်” လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ လားရှိုးမြို့ ရပ်ကွက် (၁) ထင်းရှူးမြိုင်အတက်လမ်းမှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်နဲ့ ဈေးသွားတဲ့အချိန် အမျိုးသား ၂ ဦးက ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။


Leave a Reply