KIA ဂိတ်ကို MNDAA ဝင်ရောက်ဖျက်ဆီးပြီး တပ်ဖွဲ့ဝင် ၁ ဦးကို ရိုက်နှက်

ကွတ်ခိုင်၊ မော်ဟန်ရှိ KIA ဂိတ်ကို MNDAA ဝင်ရောက်ဖျက်ဆီးပြီး တပ်ဖွဲ့ဝင် ၁ ဦးကို ရိုက်နှက်သဖြင့် နှစ်ဖက်တင်းမာမှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ အင်အားသုံး ဝင်ရောက်ဖျက်ဆီးကာ KIA တပ်ဖွဲ့ဝင်တဦးကို ရိုက်နှက်ခဲ့သဖြင့် နှစ်ဖက်တပ်များအကြား တင်းမာခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံက သိရသည်။

ဆယ်စုနှစ်တခုကျော် သက်တမ်းရှိသည့် အဆိုပါ KIA တပ်မဟာ (၁၀)၊ တပ်ရင်း (၂) ၏ ဂိတ်တွင် MNDAA တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစီးအား ဂိတ်ကြေး ငွေကျပ် သုံးသိန်း ကောက်ခံရာမှတဆင့် စကားအခြေအတင်ဖြစ်ကာ ယခုကဲ့သို့ ဝင်စီးဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ယင်းသို့ ဝင်ရောက်ဖျက်ဆီးရာတွင် MNDAA ဘက်က ၎င်းတို့ အထက်အရာရှိ၏ အမိန့်အရ ဂိတ်ကို ဖျက်သိမ်းခိုင်းခြင်းဖြစ်သည်ဟု အရာရှိဖြစ်သူက ပြောဆိုခဲ့ကြောင်း လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။

အဆိုပါ ပွတ်တိုက်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ (ဇူလိုင် ၈) ညနေပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပြီးနောက် ပြေလည်မှု ရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားကြသေးသည်။

လက်ရှိတွင် MNDAA ဘက်မှ ၎င်းတို့ ဖျက်ဆီးခဲ့သည့် KIA ဂိတ်ကို ပြန်လည်ပြုပြင်ပေးခဲ့ပြီးနောက် တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်သွယ်ရေးလမ်းမကြီးများတလျှောက်တွင် နယ်မြေစိုးမိုးရေး၊ လုံခြုံရေးနှင့် အခွန်ကောက်ခံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ KIA၊ MNDAA နှင့် TNLA အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား သဘောထားကွဲလွဲမှုနှင့် မြေပြင်ပွတ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *