တရုတ် ဖိနပ်စက်ရုံ

တရုတ်မှာ ဖိနပ်စက်ရုံ မီးလောင်ရာက ၂၈ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်းက ဖိနပ်စက်ရုံ မီးလောင်မှုမှာ အဖိုးတန် လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရကြောင်း သမ္မတ ရှီကျင့်ဖျင်ကလည်း ပြောပါတယ်။

ဇူလိုင် ၉ ရက်နေ့တုန်းက ဖူကျန်းပြည်နယ်၊ ကျင့်ကျန်းမြို့မှာရှိတဲ့ ဟွိုင်တန် ဖိနပ်စက်ရုံမှာ အငြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးသတ် တပ်ဖွဲ့တွေဟာ စက်ရုံထဲက မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ဖို့ နာရီအတော်များများ အချိန်ယူခဲ့ရပါတယ်။

ဇူလိုင် ၉ ရက် ညပိုင်းထိ အသေအပျောက် ၂၈ ဦး စာရင်းရထားပေမယ့် မီးသတ်နဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဝင်မရှင်းလင်းရသေးတဲ့ အဆောက်အအုံ အတွင်းပိုင်း နေရာတွေမှာ နောက်ထပ် ပိတ်မိသူတွေ ရှိနေဦးမယ်လို့ အာဏာပိုင်တွေက ယူဆနေပါတယ်။

သမ္မတရှီက လူတွေအများကြီး သေကြေစေခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်လို့ တိကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

CCTV သတင်းဌာနရဲ့ ထုတ်လွှင့်ပြသမှုမှာတော့ မီးသတ်တပ်ဖွဲ့တွေဟာ အထပ်အတော်များများနဲ့ ဖွဲ့စည်းထားတဲ့ အဖြူရောင် အဆောက်အအုံကြီး တစ်ခုရဲ့ မျက်နှာစာနဲ့ အတွင်းပိုင်းကို မီးငြှိမ်းသတ်ဖို့ အားထုတ်နေတာ တွေ့ခဲ့ရပါတယ်။ မီးတွေက အဆောက်အအုံ အောက်ဖက်ကို လောင်ကျွမ်းနေချိန် လူတွေက ပြတင်းပေါက်တွေနားနဲ့ အမိုးပေါ်မှာ ခိုလှုံနေတာကိုလည်း မြင်ရပါတယ်။

အဆောက်အအုံရဲ့ လှေကားတွေနဲ့ ထွက်ပေါက်တွေမှာ ဖိနပ်ချုပ် လုပ်ငန်းသုံး ပစ္စည်းတွေ စုပုံထားပြီး ပိတ်ဆို့နေတာကြောင့် မီးသတ်သမားတွေဟာ အပေါ်ထပ်တွေကို တက်ဖို့ ခက်ခဲနေခဲ့ကြောင်း ကျင့်ကျန်း မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဒူကျန်ကျိုးက ပြောပါတယ်။

ဖိနပ်ချုပ်တဲ့ ကုန်ကြမ်းတွေ အများအပြား သိုလှောင်ထားတာကလည်း မီးစာတွေ စုပုံပေးထားသလို ဖြစ်နေပြီး မီးကူးစက်မှုကို ပိုမို မြန်ဆန် အားကောင်းစေခဲ့ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

သမ္မတရှီက မီးလောင်မှု အကြောင်းရင်းကို ပွင့်လင်းမြင်သာမှု အပြည့်နဲ့ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ်ပြီးရင် လူ့အသက်တွေ ဆုံးရှုံးမှုမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

တရုတ်ပိုင် နယ်မြေတစ်ခုဖြစ်တဲ့ ဟောင်ကောင်မှာ မနှစ်က နိုဝင်ဘာလတုန်းက အထပ်မြင့် အဆောက်အအုံ အိမ်ရာတစ်ခု မီးလောင်ပြီး လူ ၁၆၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံမှာ အထပ်မြင့် တိုက်တွေရဲ့ မီးဘေးလုံခြုံရေး မွမ်းမံ အဆင့်မြှင့်မှု လှုပ်ရှားတောင်းဆိုမှု တစ်ခုကို စတင်နေပါတယ်။

တစ်လလောက် အကြာမှာတော့ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံမှာ လူနေ အဆောက်အအုံတစ်ခု မီးလောင်ရာက ၁၂ ဦး သေဆုံးခဲ့ပါတယ်။ အခုနှစ် မေလမှာတော့ တရုတ်နိုင်ငံ အလယ်ပိုင်းမှာ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၃၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်အတော်များများအတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံး စက်မှုလုပ်ငန်း မတော်တဆမှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *