ချောက်မြို့နယ်တိုက်ပွဲ PDF တွေဖမ်းဆီးခံရပြီး ၂၀ ဦးဝန်းကျင်ကျဆုံး
မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်မနက်ပိုင်းမှာ စစ်တပ် လက်အောက်ခံ ဒုရဲမှူးကျော်သူ ဦးဆောင်တဲ့ ရဲစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေကစောင့်နေစဉ် စစ်တပ်စစ်ကြောင်းကပြန်ပိတ်ဆို့ရာမှာ သူ့လူ၊ကိုယ့်လူမှားပြီး ပိတ်မိသွားကာ ရဲဘော်တွေ အရှင်ဖမ်းခံရတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“စစ်ကြောင်းကို စောင့်နေတာတဲ့။စောင့်တဲ့အစောင့်မှာ သူ့လူ၊ ကိုယ့်လူလွဲတာလို့ ပြောတယ်။အဲဒီအချိန်မှာ အဝိုင်းခံလိုက်ရတာတဲ့။အဝိုင်းခံရပြီး ပစ်တော့ ကျတော့ထိတာက ၂ဦးပဲထိတာတဲ့။ကျန်တဲ့လူတွေက အကုန်လုံးအရှင်မိသွားတယ်တဲ့။ပြီးတော့ ၃ယောက်ပဲပြန်လွတ်လာတယ်။ကျန်တဲ့ လူတွေအကုန်ဒီလိုဖြစ်တာပဲ။ခဏခဏ ကြုံတယ်။အဲဒီလူမှားတဲ့ကိစ္စက။ ကိုယ့်လူထင်ပြီး ခဏခဏကျတာပဲ”လို့ ပခုက္ကူခရိုင်ကတော် လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ ပခုက္ကူခရိုင်တပ်ရင်းတွေက ရဲဘော်တွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ပခုက္ကူခရိုငိတပ်ရင်းတွေကိုဆက်သွယ် မေးမြန်းပေမယ့်ဖြစ်စဥ်အတည်ပြုချက်သာရပြီး အသေးစိတ်ကို မဖြေကြားသေးပါဘူး။
ချောက်ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဒီကနေ့ နေ့လည်ပိုင်းမှာ PDF ရဲဘော်တွေ ကျဆုံးမှုများသွားတာဟာ စစ်တပ်စစ်ကြောင်းတွေကြား ကြားညပ်သွားတဲ့ အခြေအနေကြောင့်လို့ ပြောပါတယ်။
အခြားသတင်းရင်းမြစ်တဦးကလည်း ကျဆုံးရဲဘော် ၂၀ ကျော်ရှိသလို တိုက်ပွဲကြောင့် ဒေသတွင်း ကျေးရွာတွေက ပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ချောက်မြို့နယ်မှာ အခုလပိုင်းအတွင်းPDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။ ဇွန်လအတွင်းမှာလည်း ချောက်မြို့နယ်နေရာအချို့မှာ PDF ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ရဲစခန်းမှူး အပါအဝင် စစ်ကောင်စီလက်နက်ကိုင်တွေသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။


Leave a Reply