(တောင်းစားခိုင်း၊ ပလတ်စတစ်ကောက်ခိုင်းတဲ့ လူတွေလက်ထဲကနေ ဖခင်အရင်းဆီ အံ့ဖွယ် ပြန်ရောက်သွားတဲ့ မျက်ရည်ကျစရာ ဖြစ်စဉ်ကြီး)”
မိဘရင်ခွင်နဲ့ ကင်းကွာသွားတဲ့ ကလေးငယ်တစ်ယောက် ပြင်ပလောကကြီးမှာ ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ ဒုက္ခတွေ ရင်ဆိုင်ရသလဲဆိုတာကို သိသာစေမယ့် ရင်ကွဲပက်လက် ဖြစ်ရလောက်တဲ့ ဖြစ်ရပ်မှန် သတင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
မောင်အောင်မင်းခန့် (အသက် ၉ နှစ်) လေးဟာ ကျိုက်မရောမြို့နယ်၊ နောင်လုံရွာ ဇာတိဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ မိခင်ဖြစ်သူနဲ့အတူ ရန်ကုန်ကို အလာ… ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲပြီး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရာကနေ သူ့ရဲ့ အိပ်မက်ဆိုးကြီး စတင်ခဲ့ပါတော့တယ်။

💔 မွေးစားမိဘ အယောင်ဆောင်ပြီး ခိုင်းစားခဲ့တဲ့ လူဆိုးများ
ဘူတာကြီးမှာ ကျန်ခဲ့တဲ့ ကလေးငယ်ကို အနီးနားက လူတချို့က သနားဖို့နေနေသာသာ ပိုက်ဆံတောင်းခိုင်းတာ၊ ကူလီ ထမ်းခိုင်းတာတွေ အတင်းအဓမ္မ လုပ်ခိုင်းခဲ့ပါတယ်။
ဒါကို ကြောက်လန့်ပြီး အဝေးပြေးဂိတ်ကို ထွက်ပြေးခဲ့ပေမယ့်… အဝေးပြေးရောက်တော့လည်း အဲ့ဒီလို ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ သူတွေနဲ့ ထပ်တိုးခဲ့ပြန်ပါတယ်။
အဆိုးဆုံးကတော့ မြို့ထဲတစ်ဝိုက်မှာ လေလွင့်နေတဲ့ ကလေးကို မွေးစားမိဘ ပုံစံမျိုးတွေနဲ့ အယောင်ဆောင် ခေါ်ယူပြီး… ပိုက်ဆံ အတင်းတောင်းခိုင်းတာ၊ ပလုံ (ပလတ်စတစ်) ကောက်ခိုင်းတာတွေကို ရက်ရက်စက်စက် ခိုင်းဖတ်လုပ်ခဲ့ကြတာပါပဲ။
တစ်နှစ်လုံးလုံး မိဘအရိပ်အာဝါသနဲ့ ဝေးကွာပြီး ဒီလို ငရဲခန်းမှာ ဖြတ်သန်းခဲ့ရတာပါ။
🙏 ကယ်တင်ရှင် ပရဟိတအဖွဲ့များနဲ့ ပြန်လည်ဆုံစည်းခြင်း
ဒဏ်ရာတွေနဲ့ ကလေးငယ်ဟာ အောင်မင်္ဂလာကနေ (၆၄) ယာဉ်လိုင်းစီးပြီး မရမ်းကုန်းမှာ ဆင်းကျန်ခဲ့ချိန်မှာတော့ “MSDK ပရဟိတအဖွဲ့” က စတင် တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီကနေ ကျောက်တံတား အရန်မီးသတ်က ကိုအာမက်၊ “အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း” က ကိုကျော်နဲ့၊ ကဟာသိုင်း မိဘမဲ့ဂေဟာ တာဝန်ခံ မခိုင်တို့ ချိတ်ဆက်ပြီး ကလေးကို စောင့်ရှောက်ကာ မိဘအရင်းကို အပူတပြင်း ရှာဖွေပေးခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ နေထိုင်တဲ့ ဖခင်အရင်းဖြစ်သူ ဦးညီညီနဲ့ အဆက်အသွယ် ရရှိခဲ့ပြီး… ယမန်နေ့ ဇူလိုင် (၉) ရက်နေ့က မရမ်းကုန်းမြို့မရဲစခန်းမှာ တာဝန်ရှိသူတွေရှေ့မှောက် ဖခင်အရင်းရဲ့ ရင်ခွင်ဆီကို မျက်ရည်စက်လက်နဲ့ ပြန်လည် အပ်နှံပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ လူတွေကြားထဲ တစ်နှစ်လုံးလုံး ဒုက္ခရောက်ခဲ့ရတဲ့ ၉ နှစ်အရွယ် ကလေးငယ်လေး ဖခင်ဆီ ပြန်ရောက်သွားတဲ့ ဒီသတင်းလေးကို ထပ်တူ ဝမ်းသာပီတိဖြစ် ပြီး သာဓုခေါ်ဆိုပေးလိုက်ကြပါဦးနော်။


Leave a Reply