ချောက်မြို့နယ်တွင် စစ်တပ်က အရပ်ဝတ်များ ဝတ်ဆင်ပြီး PDF ပုံစံ ပုံမှားရိုက်ကာ အနီးကပ်ဝင်ရောက်စီးနင်းပြီး PDF ရဲဘော် ၂၀ ဦးကို ဖမ်းဆီးသတ်ဖြတ်
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်က အရပ်ဝတ်များ ဝတ်ဆင်၍ တော်လှန်ရေး PDF ပုံစံ ပုံမှားရိုက်ကာ အနီးကပ်ဝင်ရောက် စီး နင်းမှုကြောင့် PDF ရဲဘော် ၂၀ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်က ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေး ရွာနှင့် စမ်းကန်ကျေးရွာအနီး မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ စုဖွဲ့မှု ပြုလုပ်ရာနေရာသို့ အကြမ်း ဖက်စစ်တပ် စစ်ကြောင်း ရောက်ရှိလာရာ အကြမ်းဖက်စစ်တပ်မှ စစ်သားနှင့်ရဲများက Helmet နှင့် Equipment ပါသည်မှ လွဲ၍ အရပ်၀တ်များဖြစ်နေသောကြောင့် PDF ရဲဘော်များက အချင်းချင်းထင်မိကာ လက်ပြနှုတ် ဆက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်တပ်က ပုံမှားရိုက်၍ အနီးကပ်၀င်ရောက် စီးနင်းခဲ့မှုကြောင့် PDF ရဲဘော် ၃ ဦး နေရာတင် သေဆုံးပြီး ၁၇ ဦး အရှင် ဖမ်းဆီးခံခဲ့ရကာ ၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသူ ၁၇ ဦးကို အကြမ်းဖက်စစ်တပ်က ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေး ရွာစာသင်ကျောင်းအတွင်းတွင် နှိပ်စက်ကာ အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးခေါင်း ရှေ့/ နောက် ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိအထိ အဲဒီတောင်သာရွာထဲမှာ စခတွေရှိနေသေးလို့ အလောင်းတွေက မရသေးပါဘူး။ စစ်ကြောင်းတွေကလည်း အင်အားအလုံးအရင်းနဲ့ထိုးနေလို့ တိုက်ပွဲဖြစ်နေတာတွေလည်းရှိပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။
သေဆုံးသွားသည့် PDF ရဲဘော် ၂၀ ဦး၏ ရုပ်အလောင်း ပုံများ၊ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲ ယမ်းပုံများဖြင့် စစ်ကောင်စီတပ်က ညနေ ၃ နာရီခန့်တွင် ထုတ်ပြန်လာခဲ့ရာ သတ်ဖြတ်ခံလိုက်ရ သည်ကို သိရှိခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲဘော် ၂၀ ဦးမှာ မကွေးခရိုင် အမှတ် ၃ တပ်ရင်းမှ ၁၃ ဦး၊ မကွေး ခရိုင် အမှတ် ၁ တပ် ရင်းမှ ၁ ဦး နှင့် မကွေးခရိုင် ပကဖ မှ ၆ ဦး တို့ဖြစ် ကြောင်း သိရသည်။
ချောက်မြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂၀ ဦးအနက် ၁၇ ဦးဟာ စာသင်ကျောင်းအတွင်း နှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ်
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၂၀ ဦးအနက် ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော် ၁၇ ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက တောင်သာ (တောင်) ရွာ စာသင်ကျောင်းအတွင်းမှာ ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းပြီး အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကြောင်း အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်က ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေးရွာနဲ့ စမ်းကန်ကျေးရွာအနီးရှိ မကွေးခရိုင် အမှတ် (၃) တပ်ရင်းရဲ့ စုဖွဲ့မှုပြုလုပ်ရာ နေရာခွင်ဆီသို့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စစ်ဦးထုပ် (Helmet) နဲ့ စစ်သုံးအသုံးအဆောင် (Equipment) အချို့ ဝတ်ဆင်ထားတာကလွဲလို့ အရပ်ဝတ်တွေကို ဝတ်ဆင်ကာ ပုံမှားရိုက် ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို အရပ်ဝတ်တွေနဲ့ ဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေးရဲဘော်တွေက ရဲဘော်အချင်းချင်း ထင်မှတ်မှားပြီး လက်ပြနှုတ်ဆက်ခဲ့ရာမှတစ်ဆင့် အနီးကပ် ဝင်ရောက်စီးနင်းတာကို ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်အုပ်စုရဲ့ အနီးကပ် ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ ဦးမှာ အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးခဲ့ရပြီး၊ ကျန်ရဲဘော် ၁၇ ဦးမှာ အရှင်ဖမ်းဆီးတာကို ခံခဲ့ရကာ ၂ ဦးပဲ လွတ်မြောက်လာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့နောက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အရှင်ဖမ်းဆီးရမိတဲ့ ရဲဘော် ၁၇ ဦးကို တောင်သာ (တောင်) ကျေးရွာအတွင်းရှိ စာသင်ကျောင်းဝန်းထဲဆီသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်၊ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းပြီး အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုဘက်က မနေ့က ညနေ ၃ နာရီဝန်းကျင်အချိန်မှာ သူတို့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော် ၂၀ ဦးရဲ့ ရုပ်အလောင်း ဓာတ်ပုံတွေကို သတင်းထုတ်ပြန်ခဲ့ရာမှာ ရဲဘော်အများစုဟာ ဦးခေါင်း ရှေ့၊ နောက် ပွင့်ထွက်ဒဏ်ရာတွေနဲ့ အနီးကပ် ပစ်သတ်ခံထားရတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။
သတင်းထုတ်ပြန်ချက်ပါ ရုပ်အလောင်းတွေကိုလည်း စစ်အုပ်စုဘက်က အဆိုပါ တောင်သာ (တောင်) ရွာ စာသင်ကျောင်းဝန်းထဲမှာပဲ စုပုံထားရှိကြောင်း သိရပါတယ်။
ယခုဖြစ်စဉ်အတွင်း ကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးရဲဘော် ၂၀ ဦးမှာ မကွေးခရိုင် အမှတ် (၃) တပ်ရင်းမှ ၁၃ ဦး၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ ၁ ဦးနဲ့ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ၆ ဦး ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့


Leave a Reply