မန္တလေး PDF တို့ကတာ ပွဲတွေ ပြန်မြိုင်နေပြီ

မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်မှာ ပြောက်ကျားတိုက်ပွဲတချို့ ပြန်ဖြစ်

စစ်အုပ်စုက ပြည်သူကို ရန်ပြုပြီး ကင်းစောင့်ခိုင်းတာ၊ နေရာရွှေ့ခိုင်းတာ၊ ပေါ်တာဆွဲတာတွေ လုပ်နေ

သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်က ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေကြရဆဲ

မန္တလေးတိုင်း မြောက်ဘက်ခြမ်းရှိ အာဏာသိမ်း စစ်အုပ်စု ပြန်လည်ထိမ်းချုပ်ထားတဲ့ သပိတ်ကျင်းနဲ့ တကောင်းနယ်မှာ ပြောက်ကျားတိုက်ပွဲတချို့ ပြန်လည် ဖြစ်ပွါးနေသလို စဉ့်ကူးနဲ့ မတ္တရာနယ်မှာလည်း အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေတဲ့ စစ်အုပ်စု သစ္စာခံ ပျူစောထီးတချို့ သုတ်သင်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ခွဲခန့်ကြာ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေကို စစ်အုပ်စု ပြန်လည် ထိန်းချုပ်ပြီး သုံးလကျော်အကြာ အဆိုပါဒေသတွေမှာ ပြောက်ကျား တိုက်ပွဲ တချို့ ပြန်လည် ဖြစ်ပွါးလာသလို စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင် စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မန္တလေး-ဗန်းမော် ကားလမ်းကြောတလျှောက်ပေါ့၊ မန္တလေးကနေ တကောင်း၊ မြတောင် တကြော လမ်းပိုင်းကိုတော့ စစ်တပ်က စိုးမိုးထားတယ်၊ ပြောက်ကျားတိုက်ပွဲတွေ ပြန်ဖြစ်နေတာက သပိတ်ကျင်း မြောက်ဘက်ခြမ်းပေါ့၊ တကောင်းတဝိုက် တိုက်ပွဲတွေ ခနခဏ ဖြစ်နေတယ်” လို့ သပိတ်ကျင်းနယ်ခံ တစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် မြောက်ဘက်ခြမ်းမှာ ပြန်လည် ဖြစ်ပွားတဲ့ ပြောက်ကျားတိုက်ပွဲတွေအတွင်း အထိနာ အသေအပျောက် များတဲ့ စစ်အုပ်စုက ဒေသခံတွေအပေါ် ရမ်းကားဖိနှိပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်နေတဲ့ တကောင်းတိုက်နယ်တကြောကို စစ်အုပ်စုက တော်လှန်ရေး အင်အားစုတွေ ခိုအောင်း မနေနိုင်ဖို့ စစ်ကြောင်းထိုးတာ၊ တောနင်းရှာဖွေတာတွေ လုပ်နေတယ်လို့ သပိတ်ကျင်းနယ်ခံတွေက ပြောပါတယ်။

ဒါ့အပြင် တကောင်းတိုက်နယ် အတွင်းရှိ လယ်ယာစိုက်ခင်းတွေနဲ့ တောတိုက်တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို စစ်အုပ်စုက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ မရွှေ့ပြောင်းပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာ၊ နေအိမ်တွေကို မီးရှို့မယ်လို့ ပြောဆိုတာ၊ စစ်ဆေးမှုတင်းကြပ်တာ၊ မကြာခဏ ရမ်းကားပစ်ခတ်တာ၊ ပြည်သူတွေကို ကင်းစောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးနယ် အနောက်ခြမ်းနဲ့ မတ္တရာနယ်အတွင်းမှာတော့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ပျူစောထီးတချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်ရှင်းလင်း သုတ်သင်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မတ္တရာ၊စဉ့်ကူးကတော့ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး၊ ဒါပေမယ့် ဧရာဝတီ မြစ်ရိုးဘက်ကိုတော့ လေယာဉ်နဲ့ (ဗုံး)ကြဲတာ၊ လက်နက်ကြီးနဲ့ ထုတာတွေ ရှိတယ်၊ ဒလန်ရှင်းလင်းမှုတွေ ရှိတယ်၊ PDF တွေကတော့ ပြောက်ကျား လှုပ်ရှားနေကြတယ် ထင်တယ်” လို့ မတ္တရာနယ်ခံတစ်ဦးကလည်း ပြောပါတယ်။

ဒီလို ပြောက်ကျားတိုက်ပွဲတွေနဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေဘက်က သတင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စဉ့်ကူးတမြို့နယ်လုံး အပါအဝင် သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်ရှိ စစ်စခန်းနဲ့ မြို့ရွာ အများအပြားကို ၂၀၂၄ ကနေ ၂၀၂၅ နှစ်ကုန်ပိုင်းအထိ တော်လှန်ရေး အင်အားစုတွေက တစ်နှစ်ခွဲခန့်ကြာ သိမ်းယူကာ ထိန်းချုပ် စိုးမိုးနိုင်ခဲ့သလို မန္တလေးမြို့နဲ့ ၁၀မိုင်ကျော် အကွာက စစ်စခန်းတွေကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ မန္တလေးကနေတဆင့် မန္တလေး-မတ္တရာ ကားလမ်းအတိုင်း တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ နှစ်ကုန်ကာနီးမှာ မတ္တရာ၊ စဉ့်ကူးဒေသ တလျှောက် ပြန်လည်သိမ်းယူနိုင်သလို သပိတ်ကျင်းမြို့နယ်ရဲ့ အလည်ကြောမှာ ခိုအောင်းနေတဲ့ စစ်အုပ်စုနဲ့ စစ်ကြောင်းတွေ ပူးပေါင်းပြီးတဲ့နောက် သပိတ်ကျင်းမြို့နယ်ရဲ့ တောင်ဘက်ခြမ်းကိုပါ ပြန်လည်သိမ်းယူခဲ့ပါတယ်။

အဲ့ဒီနောက် သပိတ်ကျင်းမြို့နယ် မြောက်ဘက်ခြမ်းက တကောင်းတိုက်နယ်တကြောကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်အုပ်စုက သိမ်းယူသွားပြီး မန္တလေး-ဗန်းမော် ဗျူဟာလမ်းတလျှောက် ဆက်လက် ထိုးစစ်ဆင်ကာ ထီးချိုင့်၊ ကသာ မြို့နယ်တွေအထိ ပြန်လည်သိမ်းယူသွားတာ ဖြစ်ပါတယ်။

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေကို ပြန်ရရေး စစ်အုပ်စုက ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်း မဝင်နိုင်မီ မြို့၊ရွာတွေကို ဗုံးကြဲတာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

လက်ရှိမှာ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ် သုံးခုကို စစ်အုပ်စုက အလုံးစုံ ပြန်လည် ထိမ်းချုပ် ထားပေမယ့် ဒေသခံပြည်သူကို ဆက်လက် ရန်ပြုနေဆဲမို့ စစ်ဘေးရှောင် ပြည်သူတွေ အိမ်မပြန်ရသေးဘဲ ဆက်လက် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ဘေးရှောင်ပြည်သူတွေကို ရပ်ရွာအတွင်း အလွယ်တကူ ဝင်ရောက်ခွင့် မပေးဘဲ ငွေညှစ်တာ၊ တော်လှန်ရေးနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ် ချိတ်ပိတ်တာ၊ ပေါ်တာဆွဲ ငွေညှစ်တာ၊ ဖောက်ထွင်း လုယက် ခိုးယူတာ၊ စတာတွေ ကျူးလွန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ ဆက်လက် စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သပိတ်ကျင်းတနယ်လုံးကို စစ်အုပ်စု ပြန်သိမ်းယူပြီး သုံးလခန့် အကြာမှာပဲ ပြောက်ကျားတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးလာခဲ့တာ ဖြစ်ပါတယ်။

သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်ရှိ စစ်စခန်းတွေကို ဦးဆောင်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF (အထူးလှုပ်ရှားတပ်မ) ကလည်း သူတို့အနေနဲ့ ပြန်လည် စုဖွဲ့လေ့ကျင့်မှုနဲ့ စွမ်းရည်မြင့် သင်တန်းတွေ လေးလကြာ ပြုလုပ်ခဲ့ပြီးပြီမို့ မိတ်ဖက်တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးတွေ အပြည့်အဝ ပြန်လည် ဖော်ဆောင်တော့မယ်လို့ ဇူလိုင် ၇ရက်က ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *