သန်လျင်သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရသည် မကြာသေးမီကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ငွေကြေးကျပ်သိန်းပေါင်း ထောင်ချီ အငြင်းပွားမှုပြဿနာနှင့် ပတ်သက်ပြီး ဆရာလေးတစ်ပါး၏ အကြွေးတောင်းမှုခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဆရာလေး ဒေါ်အရိယာဉာဏီသည် ထိုင်ဝမ်နိုင်ငံတွင် နေထိုင်သည့် ၎င်း၏တူမဖြစ်သူထံမှ ငွေကြေးများ ချေးယူကာ ဆရာတော် ဦးဥတ္တမသာရထံသို့ သုံးစွဲရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေးအပ်ခဲ့သည့် ငွေကျပ် သိန်း ၁၂၅၀ အား သုံးနှစ်တိုင်တိုင် ကြာမြင့်သည့်တိုင်အောင် ဆရာတော်ဘက်က ယနေ့ထက်တိုင် ပြန်လည်ပေးဆပ်ခြင်း မရှိသေးကြောင်း ဆရာလေးက လူမှုကွန်ရက်တွင် အကူအညီတောင်းခံစာ ရေးသားဖော်ပြလာခဲ့သည်။
ဆရာလေး၏ ရေးသားချက်တွင် ထိုင်ဝမ်ရှိ တူမဖြစ်သူအား ပြန်လည်ပေးဆပ်ရမည့် အဆိုပါငွေကြေးများကို မည်ကဲ့သို့ ပြန်လည်တောင်းခံရမည်ကို မသိရှိတော့သည့်အတွက် အများပြည်သူများအနေဖြင့် ထိရောက်မည့် နည်းလမ်းကောင်းများနှင့် အကြံဉာဏ်များ ပေးကြရန် လူမှုကွန်ရက်မှတစ်ဆင့် နှိမ့်ချစွာဖြင့် အကူအညီတောင်းခံထားခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမသာရသည် လက်ရှိ ရင်ဆိုင်နေရသည့် ငွေကြေးအရှုပ်အရှင်းပြဿနာများသာမကဘဲ ပြီးခဲ့သည့် နှစ်များအတွင်းကလည်း ၎င်း၏ နိုင်ငံရေးရပ်တည်ချက်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်ခြင်းနှင့် ဝေဖန်ခြင်းများကို ကြုံတွေ့ခဲ့ရဖူးသူ ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမသာရသည် ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦး ကွယ်လွန်ခြင်းမပြုမီ ၎င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည့် မှတ်ချက်ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ပြင်းပြင်းထန်ထန် တုံ့ပြန်ဝေဖန်မှုကို ခံခဲ့ရဖူးသည်။
အဆိုပါတွေ့ဆုံမှုတွင် ဆရာတော်က စစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောင်တွင် နိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းများကိုသာ လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဤသို့ ပြည်သူ့ဆန္ဒနှင့် ဖီလာဆန့်ကျင်ပြီး စစ်ကော်မရှင်၏ အလိုကျဖြစ်စေမည့် စကားလုံးမျိုးကို သံဃာတစ်ပါးက ကြားဝင်ပြောဆိုခဲ့ခြင်းကြောင့် ဆရာတော် ဦးဥတ္တမသာရအား စစ်တပ်ကို လိုလားထောက်ခံသည့် ဘုန်းကြီးတစ်ပါးအဖြစ် ပြည်သူအများစုက သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။
ထို့ပြင် ဆရာတော် ဦးဥတ္တမသာရသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ်အတွင်း လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း အမေရိကန်ရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြန်သည်။
အမေရိကန်ရောက် မြန်မာများသည် ဆရာတော် သီတင်းသုံးရာနေရာအနီးအနားအထိ သွားရောက်ကာ စစ်တပ်ထောက်ခံသည့် လုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် ပြည်သူ့ဘက်က ရပ်တည်ပေးရန်အတွက် စာတန်းများ ကိုင်ဆောင်ကာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ဆရာတော် ဦးဥတ္တမသာရသည် သားသမီးမဲ့ အဘိုးအဘွားများနှင့် ဒုက္ခိတများကို ကျွေးမွေးစောင့်ရှောက်သည့် သဘာဝတရားရိပ်သာကို တည်ထောင်သူအဖြစ် လူသိများပြီး လေးစားကြည်ညိုမှု ခံခဲ့ရသော်လည်း၊ လက်ရှိတွင်မူ နိုင်ငံရေးဘက်လိုက်မှုများနှင့် ငွေကြေးမပြတ်သားမှုများကြောင့် လူထုကြားတွင် ပုံရိပ်များစွာ ကျဆင်းလျက်ရှိသည်။


Leave a Reply