ရန်ကုန်မြို့မှာ မိန်းကလေးတွေအား အသုံးချပြီး လူငယ်တွေကို ပေါ်တာဆွဲငွေညှစ်တာတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ အဲဒီဖြစ်ရပ်တွေကို သိမြင်ထားသူတွေက ပြောပါတယ်။
စစ်မူထမ်းအရွယ် လူငယ်တွေအား ပစ်မှတ်ထားစောင့်ကြည့်ပြီး ဖြားယောင်းဖို့အတွက် မိန်းကလေးတွေကို အသုံးချစေခိုင်းတာတွေ ရှိနေတာလို့ ဆိုပါတယ်။
အဲဒီလို သွေးဆောင်ဖြားယောင်းတဲ့လုပ်ရပ်ကို လူမူကွန်ရက်အသုံးပြုပြီး လုပ်နေတာရှိသလို ပျော်ပွဲ၊ ရွှင်ပွဲလုပ်တဲ့ နေရာတွေနဲ့ လူစည်ကားတဲ့ အပန်းဖြေနေရာတွေမှာလည်း လုပ်နေတာလို့ မြို့ခံတွေက ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေသူတယောက်က “အသိကောင်လေးက ဖေ့စ်ဘွတ်ခ်ကနေ ကောင်မလေးတယောက်နဲ့ စကားပြောမိပြီး အလုပ်နားရက်မှာ ဗိုလ်တထောင်ကမ်းနား ချိန်းတွေ့တယ်။ ပြီးတော့မှ တခြားနေရာသွားမယ်လို့ ကောင်မလေးကပြောပြီး အသင့်စောင့်နေတဲ့ ကားနဲ့တက်လိုက်သွားတာ သံလျင်စစ်တပ်ထဲ ရောက်သွားတယ်” လို့ ပြောပါတယ်။
အဲဒီနောက် မိသားစုဆီ ဆက်သွယ်ပြီး အကျပ်ကိုင်တာကြောင့် သိန်း ၇၀ နဲ့ ပေးပြီး ပြန်ရွေးထုတ်ခဲ့ရတယ်လို့ ဖြစ်စဥ်အခြေအနေကို သိရှိထားသူက ဆိုပါတယ်။
သာကေတမြို့နယ်မှာလည်း စားသောက်ဆိုင် ထိုင်နေသူတယောက်ကို မိန်းကလေးတယောက်က စားပွဲဝိုင်းကူးပြီးမိတ်ဖွဲ့ကာ ရင်းနှီးမူယူပြီးနောက် အတူပြန်ဖို့ ခေါ်တဲ့နောက် လိုက်သွားချိန်မှာ လမ်းခုလတ်က အသင့်စောင့်နေသူတွေရဲ့ ကားပေါ်ဆွဲတင်ခံရတာလည်း ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူရဲ့ ဆွေမျိုးနီးစပ်တော်သူတယောက်က ပြောပါတယ်။
“သူ့အိမ်က ပိုက်ဆံနဲ့ လိုက်ရွေးရတယ်ပြောတယ်။ ပတ်ဝန်းကျင်က မသိရအောင် ကျန်တာတော့ မပြောဘူး။ ပေးရမှာပေါ့ ဆယ်ဂဏန်းလောက်။”
ရန်ကုန်မှာ လမ်းသွားလမ်းလာလူငယ်တွေကို အိမ်စီးကားနဲ့ပတ်ပြီး ကားပေါ်ဆွဲတင်ခေါ်တာ၊ ည လည်ပတ်စားသောက်ပြီး ပြန်လာသူတွေကို စောင့်ဆိုင်းဖမ်းတာတွေ မကြာခဏဖြစ်နေပြီး အခုနောက်ပိုင်းမှာ မိန်းကလေးတွေသုံးပြီး အကွက်ဆင် ပေါ်တာဆွဲ ငွေညှစ်တာတွေ ရှိလာတာ ဖြစ်ပါတယ်။
ဖမ်းမိသူတွေကို ပိုက်ဆံနဲ့ ပြန်မရွေးရင် စစ်မူထမ်းလူစာရင်းလိုတဲ့ဆီ ပြန်ရောင်းတဲ့ စျေးကွက်လည်း တွင်ကျယ်နေပြီး တယောက်ကို သိန်း ၅၀ နီးပါး ပေါက်စျေးရှိတယ်လို့ ဒီလုပ်ကွက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


Leave a Reply