လူငယ်တွေ ဆက်တိုက် ပျောက်ဆုံးနေတဲ့ ရန်ကုန်နဲ့ မန္တလေး

ရန်ကုန်နှင့် မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားနေပြီး လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ

နေ့ခင်းအချိန် အိမ်အောက်သို့ ခဏဆိုပြီး ဆင်းသွားသည့် စမ်းချောင်းမြို့နယ်မှ အသက် ၃၀ နှစ်အရွယ် ကိုအောင်ပြည့်စုံလည်း နေအိမ်ပြန်ရောက်မလာတော့

ရန်ကုန်နှင့် မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားနေပြီး လူငယ်များ ဆက်တိုက် ပျောက် ဆုံးနေကြောင်း ပျောက်ဆုံးနေသည့် လူငယ်များ၏ မိဘများနှင့်ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဇူလိုင်လအတွင်း စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၇ ကို ခေါ်ယူရန် ပြင်ဆင်နေစဥ်ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လူငယ်များ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊မြင့်မိုရ်လမ်းတွင် နေထိုင်သည့် အသက် ၃၀ အရွယ် ကိုအောင်ပြည့်စုံ (ခ) စူးခေတ်သည် ၎င်းနေထိုင်သည့် တိုက်အောက်သို့ ခဏဆင်းသွားရာမှ ယနေ့အချိန်အထိ အိမ်ပြန်မရောက်တော့ဘဲ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

ကိုအောင်ပြည့်စုံသည် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး နေအိမ်အောက်သို့ ဆင်းသွားချိန်မှစ၍ ဖုန်းပိတ်ထားသည့်အပြင် မည်သည့်အဆက်အသွယ်မှ မရရှိတော့သဖြင့် မိသားစုဝင်များနှင့် မိတ်ဆွေများက လိုက်လံရှာဖွေနေသော်လည်း ယနေ့အထိ မတွေ့ရှိသေးကြောင်း သိရသည်။

“အခုထိ အဆက်အသွယ်မရသေးပါဘူး။ စမ်းချောင်းရဲစခန်းမှာတော့ လူပျောက်မှု ဖွင့်ထားတယ်။ အခုထိ ရှာမတွေ့သေးပါဘူး” ဟု မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင်လည်း အသက် ၁၈ နှစ်အရွယ် Grade-11 ကျောင်းသား ကိုဆွီတီဆိုင်းသည် ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မြောက်ချောကုန်းကျေးရွာရှိ နေအိမ်မှ မှော်ဘီကျေးဇူးတော်အဆောင်သို့ ပြန်လာစဉ်မှစ၍ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောဆိုသည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ ကိုဆွီတီဆိုင်သည် အဆောင်မှ နေအိမ်သို့ ခေတ္တပြန်လာပြီး တစ်ရက်အကြာတွင် အဆောင်သို့ ပြန်လည်ထွက်ခွာခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အထိ ဖုန်းပိတ်ထားဆဲဖြစ်ကာ ရက်ပေါင်း ၂၀ ခန့်ကြာသည်အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

“သူက အဆောင်ကနေ နေအိမ်ကို ပြန်မယ်ဆိုပြီး ခွင့်တောင်းပြီး ပြန်လာတာပါ။ အိမ်မှာ တစ်ရက်နေပြီး ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ အဆောင်ကို အပြန်မှာ ပျောက်ဆုံးသွားတာ အခုထိလည်း အဆက် အသွယ်မရသေးဘူး။ မိသားစုဝင်တွေ အကုန်လုံးလည်း စိတ်ပူနေကြပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင်လည်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည့် မောင်ဝနမျိုးသည် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက နန်းရှေ့သို့ ဝက်သားပို့ဆောင်ရန် ထွက်ခွာသွားရာမှ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း Voice of Mandalay က ပြောသည်။

“မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နေတဲ့ မောင်ဝနမျိုးဆိုတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ပျောက် ဆုံးနေပါတယ်။ တင်တဲ့နေ့ မနက်ပိုင်းကတည်းက အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပါတယ်” ဟု Voice of Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးအဖွဲ့ဝင်များက စိတ်မနှံ့သူများအပါအဝင် လူငယ်များကို ရပ်ကွက်များနှင့် နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းမှုများ ပြုလုပ်နေကြောင်း Voice of Mandalay က ဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့က နန်းရှေ့ အကွက် (၁၃)၊ အုတ်စက်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရဲညွန့်အောင်၊ လှစိုး၊ ရဲမင်းငြိမ်း၊ ညွန့်ညွန့်ဆွေ၊ ဗိုလ်နိုင်နှင့် နိုင်းတူးတို့ ဦးဆောင်၍ ရပ်ကွက်နေ လူငယ်များကို အိမ် တိုင်ရာရောက် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ စစ်မှုထမ်းမဲပေါက်သူများကို မခေါ်ယူဘဲ ၎င်းတို့ စိတ် ကြိုက်ရွေးချယ်ဖမ်းဆီးခဲ့ပြီး အသက် ၃၅ နှစ်ကျော်သူများနှင့် စိတ်မနှံ့သူများကိုပါ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများအနက် အသက် ၃၀ အရွယ် မောင်ဉာဏ်လင်းမောင်ကို ခလရ ၉၅ တပ်သို့ ပို့ဆောင်ထားပြီး ၎င်း၏ အစ်မဝမ်းကွဲခင်ပွန်းမှာ ပျူစောထီးခေါင်းဆောင်ဖြစ်နေသဖြင့် ငွေကျပ် ၈၅ သိန်းပေး ၍ လူစားထိုးနိုင်ရန် ညှိနှိုင်းစီစဉ်နေကြောင်းလည်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၈ ရက် ည ၈ နာရီခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၄ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ အေးစေတီကျောင်းဝင်းအတွင်း အသက် ၂၂ နှစ်အရွယ် မောင်အောင်ခိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးက အိမ်စီးကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒေသခံများက ယင်းဖမ်းဆီးမှုမှာ စစ်မှုထမ်းရန် လူစုဆောင်းခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ခိုင်စိုး ဦးဆောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *