AA ရဲ့စကေးလ်ကို မထိန်းနိုင်တော့ဘူး

စစ်တပ်တွင် AA ကို ရင်ဆိုင်ရန် အရည်အချင်းရော အင်အားပါ မရှိတော့၍ လေကြောင်းမှ ဗုံးပတ်ကြဲ၍ ပြည်သူကို သတ်ဖြတ်ပြနေ

ရွေးတုအစိုးရ စစ်တပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း၌သာမက ရခိုင်နှင့် ထိစပ်နေသော တိုင်း သုံး တိုင်းအပြင် စစ်ရေးအချက်အချာ စစ်ကိုင်းတိုင်းအထိ စစ်နယ်မြေ ကျယ်ပြန့်လာသည့် အာရက္ခ တပ်တော် (AA) ၏ တိုက်ခိုက်စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်ရေး အင်အားကို အမေရိကန် အခြေစိုက် သုတေသနအဖွဲ့က အနိမ့်ဆုံး ၄၀,၀၀၀ ခန့်ရှိသည်ဟု ခန်းမှန်းထားပြီး လက်ရှိတွင် ယင်းထက်မက အဆမတန် ပိုမိုများပြား နိုင်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။

စစ်ဗျူဟာ သဘောတရားများအရ တိုက်စစ်ဆင်မည့် ဘက်က ခံစစ်ပိုင်းထက် စစ်အင်အား သုံးဆခန့် ပိုမိုသုံးစွဲရမည်ဖြစ်ရာ လက်ရှိတွင် ရွေးတုအစိုးရ စစ်တပ်အနေဖြင့် AA ကို တုံ့ပြန်ရန် အနည်းဆုံး စစ်အင်အား ၁၂၀,၀၀၀ (တစ်သိန်းနှစ်သောင်း) ခန့် လိုအပ်လျက်ရှိသည်။

သို့သော်လည်း လက်ရှိအချိန်တွင် စစ်တပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပင် စစ်အင်အား ၁၅၀,၀၀၀ ခန့်ကိုသာ အနိုင်နိုင် ခွဲဝေသုံးစွဲနေရသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် အပစ်အခတ် ရပ်ဆဲရေးများ ပြုလုပ်ထားလျှင်ပင် စစ်တပ်အနေဖြင့် AA နှင့် မဟာမိတ်တပ်များကို ရင်ဆိုင်နိုင်စွမ်း မရှိတော့သည်မှာ သေချာသလောက် ရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရွေးတုအစိုးရစစ်တပ်၏ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုသည်။

“စစ်ခေါင်းဆောင်က ရက် ၁၀၀ စီမံကိန်းအတွင်း လေလုံးကြီးသမျှ ဘာမှဖြစ်မလာဘူး။ အဲဒီအပေါ် ရှုံးမဲမဲတယ်ခေါ်မလား၊ ရှက်ရမ်း ရမ်းတယ်ပြောမလား။ မြေပြင်စစ်မှာ မနိုင်တော့ နည်းဟောင်းအတိုင်း ‘မင်းတို့ မရပ်ရင် မင်းတို့ ပြည်သူကို သတ်တယ်ကွာ’ ဆိုပြီး လုပ်လာတာ။ သူ့အတွက် ပြည်သူဆိုတာ မရှိဘူး၊ ဓားစာခံပဲ ရှိတယ်” ဟု စစ်ရေးလေ့လာသူ တစ်ဦးက ပြောသည်။

AA သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စစ်တပ်၏ အထူးတိုက်ခိုက်ရေး တပ်မအများစုနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသဖြင့် စစ်အတွေ့အကြုံ ပြည့်ဝနေပြီဖြစ်ကာ ၂၀၂၃ ခုနှစ်မှ စတင်သည့် မြို့သိမ်းတိုက်ပွဲများတွင်လည်း တိုင်းစစ်ဌာနချုပ်များပါ ပြုတ်ထွက်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

ထို့အပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်ကလည်း ၂၀၂၇ ခုနှစ်ကုန်တွင် ရခိုင်ပြည်နယ်အတွင်း “နောက်ဆုံးပိတ် အောင်ပွဲ” ကို အပြီးတိုင်ရယူမည်ဟု ထုတ်ဖော်ပြောဆိုထား၍ ရခိုင်ပြည်နယ်ရှိ လက်ကျန်မြို့များကို AA ဘက်က အပြီးတိုင် သိမ်းပိုက်မည့် စစ်ရေးရည်မှန်းချက်ရှိမည် ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို AA က သိမ်းပိုက်ထားနိုင်သည့်အပြင် ကျန်ရှိသည့် မြို့နယ် သုံးခုအနက် နှစ် ခုကိုလည်း စစ်ရေးအရ အနီးကပ် ခြိမ်းခြောက်ထားသည်။ ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း AA ပါဝင်တိုက်ခိုက်နေသည့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတိုက်ပွဲများတွင် လည်း စစ်တပ်မှာ စခန်းစွန့်၍ တပ်ပြန်ဆုတ်နေရသည်။

ထိုသို့ မြေပြင်စစ်ရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် ဇူလိုင် ၁၃ ရက်မှစကာ တစ်ပတ်အတွင်း ရခိုင်ပြည်နယ်ရှိ ဂွ၊ မအီ၊ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များကို ဂျက်ဖိုက်တာ၊ Y-12 အပါအဝင် လေယာဉ်အုပ်လိုက်ဖြင့် ဗုံးအမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ရာ ရဟန်းသံဃာနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ သုံးဒါဇင်ခန့် ထိခိုက်သေဆုံးခဲ့ရသည်။

ယခုကဲ့သို့ စစ်တပ်၏ လုပ်ရပ်များသည် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများအပေါ် အပြောနှင့်အလုပ် ထပ်တူကျမှု ရှိ၊ မရှိ မေးခွန်းထုတ်စရာဖြစ်ကြောင်းနှင့် ရွေးတု အစိုးရ စစ်တပ်၏ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ လက်တွဲတုံ့ပြန် သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်အသိပေးထားသည်။

ဓာတ်ပုံ-AA Info Desk


Comments

Leave a Reply

Your email address will not be published. Required fields are marked *