UWSA၊ NDAA၊ TNLA တို့ စကမ နဲ့ တရားဝင် ပူးပေါင်း

စစ်ကော်မရှင်၏ အတုအယောင်ငြိမ်းချမ်းရေးကို UWSA ၊ NDAA တို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု TNLA ဆို

စစ်ကော်မရှင်၏ အတုအယောင်ငြိမ်းချမ်းရေးကို UWSA ၊ NDAA တို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု TNLA ကတိပြုခဲ့ကြောင်း နေပြည်တော်တွင် ဇူလိုင်လ ၁၉ ရက်က ပြုလုပ်ခဲ့သော စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးကော်မတီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့၏ တွေ့ဆုံဆွေးနွေးပွဲမှ ပေါက်ကြားလာသော မှတ်တမ်းများအရသိရသည်။

TNLA သည် စစ်ကော်မရှင်ဘက်မှ တောင်းဆိုသမျှကို အဓိကထား လိုက်လျောပေးခဲ့ပြီး စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် UWSA ၊ NDAA တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။

ပေါက်ကြားလာသည့် မှတ်တမ်းစာရွက်စာတမ်းများအရ ဆွေးနွေးပွဲတွင် PSLF/TNLA ဘက်မှ စစ်ကော်မရှင်၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှုအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည့်အပြင် စစ်ကော်မရှင်ခန့်အပ်ထားသော အရပ်သားအစိုးရကို ကြိုဆိုကြောင်းနှင့် ရရှိထားသည့် သဘောတူညီချက်များကို ထိန်းသိမ်းကာ လက်တွေ့ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်။

ဖွံ့ဖြိုးတိုးတက်မှုရှိမည့် တောင်တန်းဒေသတွင် တအာင်းပြည်သူလူထုအတွက် ဖွံ့ဖြိုးရေးဖော်ဆောင်နေမှုကို စစ်ကော်မရှင်အနေဖြင့် လက်ခံပေးရန် TNLA က တောင်းဆိုခဲ့သည်။

ယင်းသို့ အသိအမှတ်ပြုမှုရှိမည်ဆိုပါက စစ်ကော်မရှင်ဖော်ဆောင်မည့် အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် UWSA နှင့် NDAA တို့ကဲ့သို့ မဟာမိတ်အဖွဲ့များနှင့်အတူ ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

သဘောတူညီချက်အရ မိုးကုတ်နှင့် မိုးမိတ်မြို့များကို သတ်မှတ်ရက်အတိုင်း စစ်ကော်မရှင်ထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များစစ်ဆေးခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံချောမွေ့ရေးစသည့် အချက်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း TNLA က တင်ပြခဲ့သည်။

တအာင်းဒေသနှင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအထိ အရေးပါသည့် ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် စစ်ကော်မရှင်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပေါက်ကြားလာသည့် မှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်ကော်မရှင်ဘက်မှ ပြန်လည်ရှင်းလင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် မြို့နယ်တစ်မြို့နယ်လျှင် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိရန် လိုအပ်ကြောင်း၊ တအာင်းပညာရေးစင်တာများအနေဖြင့် တရားဝင်ကျောင်းဖြစ်စေရန် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားရန် လိုအပ်ကြောင်းနှင့် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဖိအားပေးဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကော်မရှင်ဘက်မှ ၁၁ ဦးနှင့် TNLA ဘက်မှ ဒုတိယဥက္ကဋ္ဌ (၁) တားကျော်ဂျာ အပါအဝင် ၆ ဦး တက်ရောက်ခဲ့ပြီး နောက်တစ်ကြိမ် ဆွေးနွေးပွဲကို နမ့်ဆန်မြို့၌ ကျင်းပနိုင်ရန် စစ်ကော်မရှင်ဘက်က အဆိုပြုခဲ့ကြောင်း ပေါက်ကြားလာသည့် မှတ်တမ်းများအရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *