ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ
ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားမှု ကျူးလွန်သူကို မနေ့ ဇူလိုင် ၂၁ ရက်၊ ည ၁၂ နာရီဝန်းကျင်က ဧရာဝတီတိုင်းအတွင်းက မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူတွေရဲ့ ကူညီမှုနဲ့ ပြန်လည် ဖမ်းမိပြီဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟာ ကလေးရဲ့ မိခင်နဲ့လူမှုရေးဆက်နွယ်သူ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
“မိတာက ကျိန်းသေ မိသွားပါပြီ။ မော်ကျွန်းက ပြည်သူတွေ ဝိုင်းဖမ်းပေးတာပါ။ သူက ကလေးအမေနဲ့ လူမှုရေးဇာတ်လမ်းရှိသူလို့ သိရတယ်။ အဲဒါကြောင့် ကလေးအမေက ကလေးပျောက်တာ၊ အဲဒီလူ ခေါ်သွားတာကို သိပေမယ့် လိုက်မရှာ၊ အမှုလည်း မဖွင့်ဘဲ ထားထားတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ကျီစုအနီးရှိ လယ်ကွင်းတဲတခုမှာ နေထိုင်တဲ့ သန်းတိုးအောင် ဆိုသူဖြစ်ပြီး သမီးဖြစ်သူနဲ့အတူ ဒုက္ခရောက်နေဟန်နဲ့ တောင်းရမ်း စားသောက်နေသူဖြစ်ကာ ၎င်းရဲ့ အပြောကို ယုံကြည်သနားမိတဲ့ အမျိုးသမီးတယောက်က အကူအညီတွေ ရရှိနိုင်ဖို့ ဗီဒီယိုရိုက်ပြီး TikTok လူမှုကွန်ရက်မှာ တင်ပေးခဲ့ရာကနေ ကလေးခိုးယူထားမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တာဝန်သိ ပြည်သူတွေအနေနဲ့ ကလေးနဲ့ပတ်သက်တဲ့ နောက်ကြောင်းတွေကို လိုက်လံ စုံစမ်းရာက ကလေးမိခင်နဲ့ သန်းတိုးအောင်တို့ရဲ့ ပတ်သက်မှုကို သိလာကြတာဖြစ်ပြီး လက်ရှိမှာတော့ ပြစ်မှု ကျူးလွန်သူကို မော်လမြိုင်ကျွန်းမြို့မှာ ဖမ်းမိရမိထားပြီ ဖြစ်တာကြောင့် ရန်ကုန်မြို့က သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးဖို့ သွားရောက် ခေါ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတယောက်က “သန်းတိုးအောင်ရဲ့ ပြစ်မှုတွေအတွက် ပုဒ်မတပ်မယ်ဆို တပ်စရာပုဒ်မတွေက အများကြီးပဲ။ ကလေးသူငယ် ညှင်းပမ်းနှိက်စက်မှုရော၊ ကလေးခိုးမှုရော၊ တောင်းရမ်းခိုင်းစားမှုရောပေါ့။ အခုက ကလေးရဲ့ မိန်းမကိုယ်က ပွန်းပဲ့ရာတွေနဲ့ ပတ်သက်လို့ ဆေးမစစ်ရသေးဘူး ဆိုတော့ အကယ်၍ ဆေးစစ်ချက်သာ ထွက်လာရင်၊ မုဒိမ်းမှုမြောက်တယ်ဆိုရင် အမှုက ပိုကြီးသွားနိုင်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေတို့ပါ ပြဋ္ဌာန်းချက်တွေအရ ထိရောက်စွာ အမှုဖွင့် တရားစွဲဆိုနိုင်တယ်လို့ သိရပြီး ကလေးခိုးမှု (ခိုးယူခြင်း/ဖျားယောင်းခေါ်ဆောင်ခြင်း) နဲ့ ပတ်သက်လို့ မည်သူမဆို တရားဝင်အုပ်ထိန်းသူထံမှ ကလေးကို ခိုးယူဖျားယောင်းပါက ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ (၇) နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ကလေးသူငယ်ကို ရက်စက်စွာ ဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း (ဒါမှမဟုတ်) ကိုယ်ခန္ဓာ နာကျင်စေခြင်း ပြုလုပ်ပါက ဥပဒေ ပုဒ်မ ၉၃ (က) အရ အနည်းဆုံး ထောင်ဒဏ် (၄) လမှ အများဆုံး (၃) နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် တသိန်းမှ သုံးသိန်းအထိဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၃၂၃၊ ၃၂၄၊ ၃၂၅၊ ၃၂၆ (နာကျင်စေမှုပုံစံအလိုက်) ဒဏ်ရာရရှိမှု ပြင်းထန်ပါက ထောင်ဒဏ် (၃) နှစ်မှ တသက်တကျွန်းအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
ကလေးသူငယ်ကို အမြတ်ထုတ်ရန် ရည်ရွယ်ချက်နဲ့ တောင်းရမ်းခိုင်းစားခြင်း (ဒါမှမဟုတ်) ဖျော်ဖြေပွဲတွေမှာ ခိုင်းစေခြင်းတွေအတွက် ပုဒ်မ ၉၃ (ဂ) အရ ထောင်ဒဏ် (၄) လမှ (၃) နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး အကယ်၍ စနစ်တကျ ကွန်ရက်နဲ့ လူကုန်ကူးပြီး တောင်းရမ်းခိုင်းစားခြင်း ဖြစ်ပါက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် သက်ငယ်မုဒိမ်း ကျူးလွန်မှုနဲ့ ပတ်သက်လို့ အသက် (၁၂) နှစ်အောက် မိန်းကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ပါက သက်ငယ်မုဒိမ်းမှုမြောက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၃) အရ ထောင်တသက် (တရားခံသေဆုံးတဲ့အထိ) ဒါမှမဟုတ် ထောင်ဒဏ် အနှစ် (၂၀) အထိ ပြင်းထန်စွာ ချမှတ်ရမှာဖြစ်ပြီး အသက် (၁၂) နှစ်မှ (၁၆) နှစ်အောက် ဖြစ်ပါက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၁) အရ (၁၀) နှစ်မှ အနှစ် (၂၀) အထိ ထောင်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
“ဒီပြစ်မှုတွေ အားလုံးသည် ကလေးငယ်တွေရဲ့ အနာဂတ်နဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ပြစ်မှုတွေဖြစ်တယ်။ ဒါကြောင့် ရဲစခန်းမှာ ပြစ်မှုဆိုင်ရာ အမှုကြီးတွေအဖြစ်နဲ့ FIR (ပထမ သတင်းပေးတိုင်ချက်) ဖွင့်လှစ်ပြီးတော့ ထိထိရောက်ရောက် တရားစွဲဆိုနိုင်ပါတယ်။ မိခင်ဖြစ်သူကလည်း ပြစ်မှုကျူးလွန်တာကို သိရှိပါလျက်နဲ့ ကျူးလွန်သူကို အမှုဖွင့်တိုင်ကြားခြင်း မပြုဘဲ ကာကွယ်ပေးထားတာ ဖြစ်တဲ့အတွက် သူလည်း အမှုမှန် စစ်ဆေးပေါ်ပေါက်တဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ပြစ်ဒဏ်တွေ ကျခံရနိုင်ပါတယ်” လို့ တရားလွှတ်တော် ရှေ့နေက ပြောပါတယ်။
မိခင်ဖြစ်သူအနေနဲ့ ပြစ်မှုကို သိရှိပါလျက်နဲ့ ကျူးလွန်သူကို အမှုဖွင့်တိုင်ကြားခြင်းမပြုဘဲ ကာကွယ်ခြင်း၊ သက်သေဖျောက်ဖျက်ခြင်း (ဒါမှမဟုတ်) ရဲတပ်ဖွဲ့ထံမှ ပုန်းအောင်းနိုင်ရန် ကူညီခြင်းတွေ ပြုလုပ်ပါက ကျူးလွန်တဲ့ ပြစ်မှုအလိုက် ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ သူက ပြောပါတယ်။
ကျူးလွန်တဲ့ ပြစ်မှုဟာ သက်ငယ်မုဒိမ်းမှုကဲ့သို့သော တသက်တကျွန်း (ဒါမှမဟုတ်) ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုဖြစ်ပါက ဖုံးကွယ်ပေးသူ မိခင်ကို ရာဇသတ်ကြီး ပုဒ်မ ၂၁၂ အရ (၅) နှစ်အထိ ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ သိရပြီး ဒီပုဒ်မဟာ လင်နဲ့ မယား အချင်းချင်း ဖုံးကွယ်ပေးမှုကလွဲပြီး ကျန်သူတွေ အကျုံးဝင်တာကြောင့် မိခင်ဖြစ်သူကို တရားစွဲဆိုနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် သတင်းပေးရန် ဥပဒေအရ တာဝန်ရှိလျက်နဲ့ တမင် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပါကလည်း ရာဇသတ်ကြီး ပုဒ်မ ၂၀၂ အရ (၆) လအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သလို တရားခံကို ကာကွယ်နိုင်ဖို့အတွက် သက်သေတွေကို ဖျက်ဆီးခြင်း၊ လိမ်လည်ထွက်ဆိုခြင်းတွေ ပြုလုပ်ပါက ရာဇသတ်ကြီး ပုဒ်မ ၂၀၁ အရ သက်ဆိုင်ရာပြစ်မှု အကြီးအသေးအလိုက် ထောင်ဒဏ် (၃) နှစ်မှ (၇) နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြစ်မှုကျူးလွန်နေစဉ်မှာ မိခင်ဖြစ်သူအနေနဲ့ သိပါလျက်နဲ့ ဘေးကနေ ဝိုင်းဝန်းအားပေးခြင်း (ဒါမှမဟုတ်) တားဆီးမှုမပြုဘဲ ကျူးလွန်သူကို ကာကွယ်ပေးခြင်းမျိုး ရှိခဲ့ပါက အဲဒီပြစ်မှုကို ကိုယ်တိုင် ကျူးလွန်ဘိသကဲ့သို့ မှတ်ယူပြီး မုဒိမ်းမှုဖြစ်ပါက ပုဒ်မ (၃၇၆/၁၁၄)၊ နှိပ်စက်မှုဖြစ်ပါက နှိပ်စက်မှုပုဒ်မတို့နဲ့ ပူးတွဲကာ တရားခံအဖြစ် တရားစွဲဆိုနိုင်တယ်လို့ သိရပါတယ်။


Leave a Reply