အင်းစိန်ထောင်မှ လွတ်ရက်နီးနေသော MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) တပ်၍ ဗဟန်းရဲစခန်းက ထပ်မံတရားစွဲ
အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်မှု၊ ပေါက်ကွဲမှုများဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသော MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) တပ်၍ ဗဟန်းရဲစခန်းက ထပ်မံတရားစွဲထားကြောင်း အမှုကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။
MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်မှာ ထောင်ဒဏ် ၇ နှစ် ကျခံနေရာမှ လာမည့် စက်တင် ဘာလတွင် လွတ်မြောက်တော့မည်ဖြစ်ကြောင်း၊ သို့ရာတွင် MMA ဖိုက်တာ သော်ထူးနိုင် (ခ) ဖိုးသော်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ အမိန့်ဖြင့် ဗဟန်းမြို့မရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) ဖြင့် ထပ်တိုးအမှုဖွင့် တရားစွဲဆိုထားကြောင်း တရားရေးနှင့် နီးစပ်သူများထံမှ သိရသည်။
ဖိုးသော်သည် လက်ရှိတွင် ပေါက်ကွဲမှုဆိုင်ရာ ပုဒ်မ ၃ ခုဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် ကျခံနေရပြီး ပုံမှန်အားဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ပြန်လည်လွတ်မြောက်ရမည်ဖြစ်သည်။
သို့သော် MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အနားယူကြောင်း ကြေညာမှုအပေါ် ဂုဏ်ပြုစာပေးပို့ခဲ့သည့်နောက်ပိုင်းတွင် စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) ဖြင့် ထပ်မံတရားစွဲဆိုလာခြင်းဖြစ်သည်။
အဆိုပါအမှုကို ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၏ လက်မှတ်ဖြင့် ဗဟန်းမြို့မရဲစခန်းက ဖွင့်လှစ်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆန်ထံ ဂုဏ်ပြုစာပေးပို့ခဲ့ခြင်းမှာလည်း အကျဉ်းဦးစီးဌာန၏ တရားဝင်စာပေးပို့သည့် လုပ်ငန်းစဉ်မှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမှုကို ကမာရွတ်ခရိုင်တရားရုံး၌ စစ်ဆေးလျက်ရှိပြီး တရားသူကြီး ဒေါ်ဇင်မာအောင်က ကြားနာစစ်ဆေးနေကာ အစိုးရရှေ့နေအဖြစ် ဦးနေအောင်က လိုက်ပါဆောင်ရွက်နေကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) သည် အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုမည့် သို့မဟုတ် အသုံးပြုပြီးသော လက်နက်ခဲယမ်းများ၊ ပစ္စည်းကိရိယာများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် ဖွက်ထားခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်သည်။
ဖိုးသော်သည် ၂၀၂၁ ခုနှစ် မေ ၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Utopia Tower အတွင်း ဖွင့်လှစ်ထားသည့် Team PT MMA and Fitness Gym တွင် ပေါက်ကွဲမှုဖြစ်ပွားစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
ထိုစဉ်က စစ်ကောင်စီ၏ မြဝတီရုပ်မြင်သံကြားက ထုတ်ပြန်သည့် သတင်းတွင် အဆိုပါပေါက်ကွဲမှုမှာ လက်လုပ်မိုင်း စမ်းသပ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုအပြီး ဖိုးသော်ကို မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ဆေးကုသမှုခံယူနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဖိုးသော်ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်သည့် မော်တော်ယာဉ်ပေါ်မှ PVC ပိုက်ဖြင့် ပြု လုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိသည်ဟုဆိုကာ ကိုမြတ်ထူးနိုင် (ခ) ကောင်းစည်သူ၊ ကိုဟန်ထူးနိုင်နှင့် မမေရတနာလှိုင်တို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် Team PT အားကစားခန်းမအတွင်းမှ ပစ္စတိုတစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့် နိုင်ငံကူးလက် မှတ်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်နောက်ပိုင်းတွင် ဖိုးသော်ကို ပေါက်ကွဲမှုဆိုင်ရာ စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပြီး ထောင် ဒဏ် ၇ နှစ် ချမှတ်ခဲ့ရာ လာမည့် စက်တင်ဘာလတွင် ပြန်လည်လွတ်မြောက်ရန် ရှိနေစဉ် ယခုအခါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) ဖြင့် ထပ်မံတရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။


Leave a Reply