ပုဏ္ဏာကျွန်းမြို့နယ်မှာ အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကာ စိတ္တဇဆန်ဆန် သတ်ဖြတ်မှုဖြစ်ပွား
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို လက်ထိပ်ခတ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုးသမီးငယ်ဟာ သူမသူငယ်ချင်းတွေနဲ့အတူ မြောင်ကိုသွားဖို့ပြင်နေချိန် အမျိုးသားတဦးက ဆိုင်ကယ်နဲ့ လာရောက်ခေါ်ဆောင်သွားခဲ့ရာက အဆက်အသွယ်ပြတ်သွားခဲ့တာလို့ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့မှာ ပျောက်ဆုံးနေတဲ့အမျိုးသမီးကို ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်အနီးက ကျောက်ကွင်းမြောင်နားမှာ ပြန်လည်တွေ့ခဲ့တာလို့သိရပြီး လက်နောက်ပြန် လက်ထိပ်ခတ်ကာ ခြေထောက်ကို ဆိုင်ကယ်ကျွတ်တွေနဲ့ ချည်နှောင်ထားတဲ့အနေအထားနဲ့ ရင်သားနဲ့ အမျိုးသမီးအင်္ဂါတွေကို ဓားနဲ့ထိုးထားတဲအရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာကဖြစ်ပြီး ကျူးလွန်သူလို့ သံသယရှိသူ ဆိုင်ကယ်နဲ့ လာရောက်ခေါ်သွားသူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပသောသာရွာမှ သဲတော်ကျေးရွာအနီးမှာ စစ်ဘေးရှောင်နေတဲ့ ကိုမောင်တင်ဝင်း ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။
အမျိုးသမီးအင်္ဂါစပ်၊ သားမြတ်အပါအဝင် ကိုယ်ခန္ဓာတခုလုံးကို နေရာမျိုးစုံလှီးဖြတ်ထားပြီး ဆံပင်တွေကိုလည်း ကိုက်ဖြတ်ထားသလို ကိုယ်ခန္ဓာအောက်ပိုင်းလည်း ဝတ်လစ်စလစ်ဖြစ်ကာ ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်အလောင်းဖျောက်ခံထားရတာကြောင့် ဒေသခံတွေဟာ အမျိုးသမီငယ်တွေရဲ့ လုံခြုံရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးအပေါ် ပြည်သူလူထုက မေးခွန်းထုတ်နေကြတယ်လို့လည်း ဆိုပါတယ်။
“မိန်းကလေးကို ကတုံးလည်းတုံးထားတယ်၊ ရင်သားတွေကို ဓားနဲ့လှီးဖြတ်ထားတယ်၊ မအင်္ဂါစတွေကို အချွန်နဲ့ ထိုးထားတာပါ၊ အပိုင်းပိုင်းလုပ်ထားပါတယ်၊ ခန္ဓာအင်္ဂါတွေလဲ မစုံတော့ပါဘူး၊ ခြေထောက်တွေမှာ ဆိုင်ကယ်တာယာကြိုးတွေနဲ့ တုတ်ထားသေးတယ်၊ ပုံစံအမျိုးမျိုးနဲ့ စိတ္တဇဆန်ဆန် သတ်ဖြတ်ထားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
လတ်တလောမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပြီး အာရက္ခအစိုးရ ထိန်းချုပ်ထားရာနေရာမှာဖြစ်တာကြောင့် တရားခံကို အမြန်ဖမ်းဆီးရမိဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းက အမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုကို ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုနေကြ
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကာ ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ယမန်နေ့ (ဇူလိုင်လ ၂၃ ရက် ) က ရှာတွေ့ခဲ့ကြောင်း ပုဏ္ဏားကျွန်းဒေသခံများထံမှ သိရသည်။
အဆိုပါ အမျိုးသမီးသည် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာကဖြစ်ပြီး သူမ၏ ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်အနီးရှိ ကျောက်ကွင်းမြောင်အနီးအနားတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ သေဆုံးသူ၏ မိန်းမအင်္ဂါနှင့် ရင်သားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓါးဒဏ်ရာများ ရှိနေသည့် အပြင် လက်နှစ်ဖက်ကို လက်ထိပ်ခတ်၍ ခြေထောက်နှစ်ဖက်ကိုပါ ကြိုးများဖြင့် ချည်နှောင်ထားပြီး မုဒိမ်းကျင့်ကာ လူမဆန်စွာ သတ်ဖြတ်ခံထားရကြောင်း သိရသည်။
သေဆုံးသူသည် ၂၀၂၆၊ ဇူလိုင်လ ၁၈ ရက်တွင် သူမ၏ သူငယ်ချင်းများနှင့်အတူ ယိုးတရုတ်မြောင်ကို သွားရန်ပြင်ဆင်နေစဉ် သူမကို အမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းနေ့မှ စကာ သူမ ပျောက်ဆုံးသွား၍ မိသားစုဝင်များ၊ ဒေသခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ရာ ပျောက်ဆုံးပြီး ၅ ရက်အကြာ ဇူလိုင်လ ၂၃ ရက်တွင် ရုပ်အလောင်းကို ရှာတွေ့ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မုဒိမ်းကျင့်ကာ ညှင်းပန်းနှိပ်စက်ပြီး အလောင်းဖျောက် လူသတ်မှုသည် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်စရာဖြစ်နေ၍ အာရက္ခတပ်တော်၏ တရားရေးဌာနနှင့် တာဝန်ရှိသူများအနေဖြင့် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်သင့်ကြောင်း ထောက်ပြနေကြသည်။
ထို့အတူ ULA အနေဖြင့် မုဒိမ်းမှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ကာ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ပြီး ပြည်သူများရှေတွင် ပြစ်ဒဏ်စီရင်ပေးစေချင်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက တောင်းဆိုနေကြသည်။
“ ဒီအမှုကို လုံးဝတုံ့ဆိုင်းထားလို့ မရဘူး။ သေဒဏ်တွေ ပေးသင့်တယ်။ နောက်ပြီး အပြစ်ပေးတာတွေကို လည်း တခါတည်း ပြည်သူတွေ ရှေ့မှာ၊ ဖြစ်နိုင်ရင် မီဒီယာတွေမှာတောင် တင်ပေးပြီး ပြစ်ဒဏ်စီရင်ပေးသင့်တယ်။ ဒီလောက် ကိုယ့်ပြည်မှာ အာရက္ခတပ်တော် ဆိုတာရှိရဲ့သားနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ရှိရဲ့သားနဲ့ ဒီလောက်ရဲတင်းလာကို တဖက်မှာ အမှန်ကို မဖော်ထုတ်နိုင်ရင်တော့ ပြည်သူတွေ အယုံအကြည် နည်းလာမယ်။ ဒါကြောင့် ကျူးလွန်သူကို ဖမ်းမိဖို့ကိုလည်း မျှော်လင့်နေကြပါတယ် ” ဟု မြေပုံမှ အမျိုးသမီး အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများကို ULA အနေဖြင့် ထိရောက်မြင်သာသည့် ပြစ်ဒဏ်များ မချမှတ်ပေးနိုင်ခြင်းသည် ကျူးလွန်သူများကို အားပေးအားမြောက်ရာ ရောက်နေ၍ မုဒိမ်းမှုများကို သေချာကိုင်တွယ်ပြီး ကျူးလွန်သူများကို ခြွင်းချက်မရှိ သေဒဏ်ပေးစေလိုကြောင်း ပြည်သူများက တောင်းဆိုနေကြသည်။
ရခိုင်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် သက်ငယ်မုဒိမ်းမှုများမှာ တိုးလာနေသော်လည်း ကျူးလွန်သူများအပေါ် ULA ၏ ပြစ်ဒဏ်စီရင်ချက်ချမှတ်မှုမှာ မထိရောက်ဖြစ်နေ၍ အမျိုးသမီးများမှာ လုံခြုံမှုကင်းမဲ့နေကြဆဲဖြစ်သည်။
ထို့ပြင် အမျိုးသားများအနေဖြင့်လည်း မုဒိမ်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများတွင် အမျိုးသမီးများအတွက် တရားမျှတမှုရရှိအောင် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။
“ အဓိက တခြားအမှုတွေကို လိုက်ပြီး ဖမ်းနေတာထက် အခုဆို မုဒိမ်းမှုတွေက တအားဖြစ်နေတာ။ ဒါကြောင့် သေချာလိုက်စုံစမ်းပြီး ပြစ်ဒဏ်ပေးစေချင်တယ်။ ပြစ်မှုအကြီးတွေကိုဆိုလည်း နောက်တစ်ခါ နောက်လူတွေ ထပ်မလုပ်ရဲလောက်အောင် ပြစ်ဒဏ်တွေ ပေးစေချင်တယ်။ နောက်ပြီး ဒီအမှုတွေအတွက် အမျိုးသမီးတွေ အပါအဝင် အမျိုးသားတွေကလည်း ULA အစိုးရကို အသံထွက်ပြီးတော့ ပြစ်မှုတွေအတွက် မုဒိမ်းမှုတွေအတွက် တရားမျှတမှု တောင်းဆိုပေးစေချင်တယ်” ရမ်းဗြဲက အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့နောက် အားနည်းသည့် အမျိုးသမီးတစ်ဦးကို ညှင်းပန်းနှိပ်စက်ကာ လူမဆန်စွာသတ်ဖြတ်ပြီး မုဒိမ်းကျင့်ခြင်းသည် အစွန်းရောက်နေ၍ မူးယစ်ဆေးဝါးသုံးစွဲကာ အုပ်စုလိုက်ကျုးလွန်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။
ဆက်လက်၍ သေဆုံးသူ၏ ရုပ်အလောင်းတွင် အဝတ်အစားများ ကင်းမဲ့နေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် အပြင် လက်နှစ်ဖက်စလုံးကို လက်ထိပ်ခတ်ထား၍ ပြည်သူများ၏ အမြင်တွင် အာရက္ခတပ်တော်အပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရသည်။
“ ဒီဟာက လုံးဝလူမဆန်တဲ့ပုံစံနဲ့ သတ်ဖြတ်ခံထားရတာ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ဓားနဲ့ညှင်းပန်း နှိပ်စက်ထားတာဖြစ်တယ်။ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ထားတယ်လို့လည်း သိရတယ်။ နောက်ပြီးတော့ လက်ထိပ် ခတ်ထားတာကကျတော့ လုံးဝအထင်းသားအရာတစ်ခုဖြစ်တယ်။ အဲဒါက လုံးဝစဉ်းစားစရာတစ်ခု ဖြစ်နေပြီ။ တစ်ဖက်ကလည်း အုပ်ချုပ်ရေးပိုင်းကို ဂျောက်ချချင်လို့လား၊ ဒါမှမဟုတ် ကိုယ်တိုင်ကပဲ ရဲတွေလား၊ အုပ်ချုပ်ရေးပိုင်းကလား ဆိုပြီး ထင်မြင်ချက်တွေ အများကြီးရှိနေတယ်” ဟု ရခိုင်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော်၏ တရားဉပဒေစိုးမိုးရေးနှင့် ပြည်သူလုံခြုံရေးဌာန (DLEPS)က သေဆုံးသူ၏ ရုပ်အလောင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယခုလူသတ်မှုဖြစ်စဉ်သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မှုခင်းဖြစ်စဉ်များအတွင်း အရက်စက်ဆုံးနှင့် လူမဆန်စွာ သတ်ဖြတ်ကာ အလောင်းဖျောက် မုဒိမ်းကျင့်သတ်ဖြတ်မှုဖြစ်နေ၍ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး အပါအဝင် အခြားအရပ်ဖက်အဖွဲ့အစည်းများကပါ ပြင်းထန်စွာ ရှုံ့ချနေကြသည်။
အာရက္ခတပ်တော်၏ မှုခင်းဌာနက မည်သူမဆို လူသတ်မှုကျူးလွန်လျှင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) အရ သေဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်နိုင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ မှ ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်များပါ ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။


Leave a Reply