ပုဏ္ဏားကျွန်းက ပြုကျင့်ပြီး ရက်”စက်” T-တ်ဖြ-,တ်မှု လက်သည် တွေ့ထားပြီ

ပုဏ္ဏားကျွန်းတွင် အမျိုးသမီးငယ် အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနှင့် သံသယရှိသူ ၃ ဦးကို ဖမ်းဆီး

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ (၃) ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အာရက္ခတပ်တော် AA အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ (ဒီလပ်) မှ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ယနေ့ ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ဇူလိုင်လ ၁၈ ရက်နေ့က ယိုးတရုတ်မြောင် (ဆည်) သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့၊ ညနေ (၄) နာရီ၊ (၄၅) မိနစ်ခန့်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးငယ်အား ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာအနီး (တောင်ပေါက်ကျောက်ကွင်း) ရှိ ဥယျာဉ်ခြံတစ်ခုအနား၌ လက်ထိပ်ခတ်ထားပြီး မှောက်လျက်အအနေအထားဖြင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် သံသယရှိသူ (၃) ဦးအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ကနဦးထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လုပ်ရပ်သည် ရာဇဝတ်မှုများအနက် အဆိုးရွားဆုံးနှင့် အယုတ်မာဆုံး ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ရခိုင်အမျိုးသမီးထု၊ ရခိုင်ပြည်သူများနှင့်အတူ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေကြသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် လူသတ်၊ မုဒိမ်းကျင့်၊ အလောင်းဖျောက်ခဲ့သည့် တရားခံအား အာရက္ခဥပဒေနှင့်အညီ အမြန်ဆုံး ပြင်းထန်စွာ အပြစ်ပေးအရေးယူပေးရန်နှင့် နောက်ထပ် အခြားသော လူပုဂ္ဂိုလ်များ မကျူးလွန်ရဲအောင် ထိရောက်စွာ အရေးယူးဖို့ တောင်းဆိုနေကြသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အများစုတွင် ကလေးငယ်များ အပါအဝင် အမျိုးသမီးငယ်များမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုများ မြင့်တက်လာနေသည်။

အဆိုပါ ဖြစ်စဉ်ကဲ့သို့ အမျိုးသမီးများ မကြာခဏဆိုသလို အဓမ္မပြုကျင့် သတ်ဖြတ်ခံနေရခြင်းသည် ရခိုင်ပြည်တွင်ရှိသည့် အမျိုးသမီးအားလုံးအတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

ထိရောက်သော အရေးယူမှု နှောင့်နှေးနေ၍ အဓမ္မပြုကျင့်မှု ကျူးလွန်သူများနှင့် ပြုကျင့်ရန် ကြံစည်သူများမှာ လွတ်မြောက်နေကြောင်း၊ ကြီးမားသော ပြစ်ဒဏ်များ မပေး၍လည်း ရာဇဝတ်မှုများမှာ တိုးလာနေကြောင်း ဒေသခံလူငယ်အသိုင်းအဝိုင်းကလည်း ပြောဆိုကြသည်။

မြောက်ဦးဒေသခံ လူငယ်တစ်ဦးက “ဒီအမှုတွေမှာ အဓိကက ထိထိရောက်ရောက် အရေးယူနိုင်မှုတွေ လုပ်ဖို့လိုအပ်တာပေါ့။ ခု ဒေသအခြေအနေအရတော့ အချို့ အားနည်းချက်တွေ ရှိနေသေးတာကြောင့် ကျူးလွန်သူကို မဖမ်းနိုင်တာတွေ၊ ကျူးလွန်သူတွေက အရေးယူမခံရဘဲ လွတ်မြောက်နေသေးတာတွေက အများအားဖြင့် ရှိနေသေးတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှ လက်ရှိ ၂၀၂၆ ဇူလိုင်အထိ လူသိထင်ရှားသည့် အဓမ္မပြုကျင့်မှု ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိခဲ့ပြီး ထိုအထဲတွင် ကျူးလွန်ခံရသူ အများစုမှာ အသက်မပြည့်သေးသူများ ဖြစ်ကြသည်။

အဆိုပါ ဖြစ်စဉ်များထဲမှ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ ဖြစ်စဉ်အချို့တို့တွင်လည်း ကျူးလွန်သူများမှာ လွတ်မြောက်လျက်ရှိနေခြင်း ဖြစ်သည်။

တရားခံများ လွတ်မြောက်နေခြင်းသည် ရခိုင်ဒေသတွင်ရှိသည့် အမျိုးသမီးထုတစ်ရပ်လုံး အတွက် အန္တရာယ်ရှိသောကြောင့် တာဝန်ရှိသူများအနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် ပြတ်သားရန်နှင့် အမြန်ဆုံးဖမ်းဆီးပြီး ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ပေးစေလိုကြောင်း ဒေါ်ညိုအေးက တိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီး ၅၀၀ ကျော်အထိ ရှိပြီး ယင်းထဲတွင် အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် အနည်းဆုံး ၁၆ မှုနှင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ ပါဝင်ကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

လက်ရှိ အတည်ပြုနိုင်သည့် အရေအတွက်မှာ ရာဂဏန်းမျှသာ ရှိသော်လည်း မြေပြင်တွင် အမှန်တကယ် ကျူးလွန်ခံရသည့် ပမာဏမှာ ယခုဖော်ပြပါ ကိန်းဂဏန်းများထက် အဆပေါင်းများစွာ ပိုမိုများပြားနိုင်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက မှတ်ချက်ပြုထားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *