ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်း (ရုပ်သံ)

ရုပ်ရှင်မင်းသားတွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော် တိုက်တွန်း (ရုပ်သံ)

ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းခိုင်းဖို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က Tiktok ကနေ စစ်မှုထမ်းကိစ္စ ပြောဆိုရာမှာ အနုပညာရှင်တွေကို စစ်မှုထမ်းခိုင်းဖို့ ထည့်သွင်း တိုက်တွန်းခဲ့တာပါ။

စစ်မှုထမ်းတွေဟာ အောက်ခြေက လူငမွဲတွေသာပါနေပြီး ရုပ်ရှင်လောကက လူငယ်တွေ တစ်ဦးမျှ စစ်မှုထမ်း မပါဘူးလို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

“ရုပ်ရှင်လောကက အားကောင်းမောင်းသန် ရုပ်ရှင်မင်းသားလူငယ်တစ်ယောက်မှ မပါဘူး။ သူများနိုင်ငံတွေမှာဆို ကြည့်လိုက်ပါဦး။ အဲဒီရုပ်ရှင်လောက၊ ရုပ်ရှင်မင်းသားမင်းသမီးတွေက ပြောရလို့ရှိရင် သာကူးတွေ၊ သာပေါင်းညာစားတွေလို့ပဲ ပြောရမှာ။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ဒါ့ကြောင့် ရုပ်ရှင်အနုပညာရှင်တွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အာဏာသိမ်းစစ်တ​ပ်ကို ပေါက်ကိုယ်တော်​က တိုက်တွန်းပြောပါတယ်။

“ဘယ်လူကြီးက သတ္တိရှိပြီး ဆင့်ခေါ်တာလုပ်ရဲလဲ။ သာဓုအကြိမ်ကြိမ်ခေါ်မယ်ဗျာ။ ခင်လှိုင့်သားနေရဲတို့၊ သားနှစ်ယောက်ရှိတယ်ဗျာ။ ခေါ်စမ်း။ ကိုကိုဦးသားတွေ ခေါ်စမ်း။ …ရုပ်ရှင်မှာ အားကောင်းမောင်းသန် အများကြီးပါ။ ဘယ်လူကြီးဆင့်ခေါ်ရဲလဲ။ ခေါ်ရဲတဲ့လူကြီး ကျုပ်ပြောစမ်းပါဗျာ။ ခေါ်လိုက်စမ်း။ ချီးကျူးမယ်ဗျာ။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

အလားတူ ဇာတ်သဘင်လောကက ဇာတ်မင်းသားတွေကိုလည်း စစ်မှုထမ်းဆင့်ခေါ်ဖို့ ပေါက်ကိုယ်တော်က ထပ်မံတိုက်တွန်းပါတယ်။

“စမ်းရေမိုးကတော့ စစ်မှုထမ်းလိုက်ရတယ်။ အောင်ဇမ္ဗူကတော့ စစ်မှုထမ်းလိုက်ရတယ်။ သူရဝင်းထွဋ်ကတော့ စစ်မှုထမ်းလိုက်ရတယ်။ ခင်လှိုင် သားနေရဲတောင်မှ စစ်မှုထမ်းလိုက်ရတယ်။ အာ ငါတို့လည်း ဘာကောင်မို့ ထမ်းရမှာပဲ အဲပုံစံဖြစ်သွားလိမ့်မယ်။”လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဟာ ရာထူးကြီးတဲ့သူတွေရဲ့နောက်ခံနဲ့ အခွင့်ထူးတွေ ရယူနေကြပြီး ကုန်ဝယ်ယူခွင့်ပါမစ်တွေလည်း ရရှိနေတယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ စစ်တပ်ထောက်ခံတဲ့ ပေါက်ကိုယ်တော်ဟာ လိုအပ်ရင် ၎င်းကိုယ်တိုင်ပေါ်တာဆွဲပေးမယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။

စစ်တပ်က ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာဆိုရင် ကွန်ဒိုမှာနေထိုင်သူတွေကအစ စစ်မှုထမ်းဆင့်ခေါ်နေပြီ ဖြစ်ပါတယ်။ ဒေသအသီးသီးမှာလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က သေဆုံးမှုများလာပြီး စစ်သားလိုအပ်ချက်ကြောင့် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်စပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းခဲ့ပါတယ်။

အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ တပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈) အထိရောက်နေပြီဖြစ်ပါတယ်။

မြန်မာပြည်တွင်းကလူငယ်တွေဟာ လမ်းမတွေမှာအတင်းအဓမ္မ ဖမ်းဆီးခံနေရတာနဲ့ နေအိမ်ပေါ် တွေအထိပေါ်တာဆွဲခံနေရတာ နေ့စဉ်နဲ့အမျှ ဖြစ်နေပါတယ်။

လူငယ်တွေအနေနဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှောင်ရှားနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးချက်တွေ မကြာခဏ ထုတ်ပြန်နေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *