ယောက်ျားတွေပဲ ဆိုင်ကယ်ခိုးတယ် ထင်နေရင် မှားမယ်
(ကလေးပါခေါ်ပြီး မိသားစုလိုက် ဆိုင်ကယ်ခိုးတဲ့ အမျိုးသမီး.. သက်သေနဲ့တကွ မိပြီ)”
ဆိုင်ကယ်သူခိုးဆိုရင် ယောက်ျားလေးတွေပဲ ခိုးတယ်လို့ ထင်ထားရင်တော့ အခုဖြစ်စဉ်ကို ကြည့်ပြီး အထူးသတိထားကြဖို့ လိုနေပါပြီ။
မော်လမြိုင်မှာ ကလေးပါခေါ်ပြီး မိသားစုလိုက် အကွက်ကျကျ ခိုးယူသွားတဲ့ အဖြစ်အပျက်တစ်ခုကို ပြည်သူတွေ သတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
😱 ဆေးခန်းလာပြသလို အကွက်ဆင် ခိုးယူမှု
ဖြစ်စဉ်ကတော့ မော်လမြိုင်မြို့က ရွှေလမင်းဆေးရုံ ဆိုင်ကယ်ပါကင်မှာ ဖြစ်ပွားခဲ့တာပါ။
CCTV မှတ်တမ်းတွေအရ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တစ်ဦး ပါဝင်တဲ့ မိသားစုဟာ သူတို့စီးလာတဲ့ ဆိုင်ကယ်ကို ပါကင်မှာ ရပ်ပြီး ဆေးခန်းထဲ ဝင်ပြဟန်ဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် အမျိုးသမီးဖြစ်သူက ဆိုင်ကယ်ပါကင်ကို ပြန်လာပြီး ခိုးမယ့်ဆိုင်ကယ်ကို ရွေးချယ်ကာ သော့တုနဲ့ ကျွမ်းကျင်စွာ ဖွင့်လှစ်ခဲ့တာပါ။
ပွင့်သွားတာနဲ့ အမျိုးသားနဲ့ ကလေးကိုခေါ်ပြီး တစ်ယောက်တစ်စီးစီ အေးဆေး မောင်းထွက်သွားခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ အဓိက လှုပ်ရှားသွားတာက အမျိုးသမီးဖြစ်ပြီး၊ ဘယ်လောက်တောင် ခိုးပါးဝနေပြီလဲဆိုတာ လုပ်ပုံကိုင်ပုံတွေအရ အထင်အရှား တွေ့မြင်ရပါတယ်။
ခိုးခံရတဲ့ ဆိုင်ကယ်လေးကတော့ ဆေးရုံဝန်ထမ်းလေးရဲ့ (Honda Wave 100)၊ နီ+နက် ရောင်၊ နံပါတ် MON / 5W(…..) ဖြစ်ပါတယ်။
🚨 တာဝန်သိပြည်သူတွေရဲ့ အကူအညီနဲ့ ဘားအံမှာ ဖမ်းမိပြီ
ဒီ ဆိုင်ကယ်ခိုးမှု ဖြစ်စဉ်ရဲ့ CCTV မှတ်တမ်းကို လူမှုကွန်ရက်မှာ ဖြန့်ဝေပြီးနောက်… တာဝန်သိ ပြည်သူတစ်ဦးရဲ့ သတင်းပေးမှု၊ ပိုစ့်တင်သူနဲ့ ဘားအံမြို့မစခန်းက တာဝန်ရှိသူတွေရဲ့ အချိတ်အဆက် မိမိ ကြိုးပမ်းမှုတွေကြောင့်… အဆိုပါ သူခိုးမိသားစုကို ဘားအံမြို့မှာ ညတွင်းချင်းပဲ အဖမ်းအဆီး ခံလိုက်ရပါပြီ။
သူတို့ဟာ ဘားအံမှာ အိမ်ငှားနေထိုင်ပြီး နေရာအနှံ့ ဆိုင်ကယ်လိုက်ခိုးကာ မြဝတီဘက်ကို ကားနဲ့ (၃) စီးခန့် တင်ပြီး ပြန်လည်ရောင်းချနေတဲ့ သူခိုးဂိုဏ်းတစ်ခုဖြစ်ကြောင်း ကနဦး သိရှိရပါတယ်။
ဖမ်းဆီးရမိချိန်မှာတော့ ခိုးရာပါ ဆိုင်ကယ် (၂) စီးနဲ့ ဆိုင်ကယ်ဦးထုပ် (၇) လုံးကို သက်သေခံအဖြစ် သိမ်းဆည်းနိုင်ခဲ့ပြီး၊ သက်ဆိုင်ရာက ဆက်လက် စစ်ဆေးနေတဲ့အတွက် ခိုးဘီးတွေ အများကြီး ထပ်ပေါ်လာနိုင်ခြေ ရှိနေပါတယ်။
ကိုယ့်ရဲ့ ချွေးနှဲစာနဲ့ ဝယ်ထားရတဲ့ ပစ္စည်းလေးတွေ ဒီလို လွယ်လွယ်နဲ့ မပါသွားစေဖို့၊ ပြည်သူတွေအနေနဲ့ ဆိုင်ကယ်ရပ်ရင် သတိထားကြဖို့နဲ့ သော့အပိုတွေ ထပ်မံခတ်ထားကြဖို့..သတိပေးလိုက်ကြပါဦးနော်။


Leave a Reply