ကျောင်းထိုင်ဆရာတော်ကိုတောင် ဓါးနဲ့ထိုး ဓါးပြတိုက်ကုန်ကြပြီ

စစ်တွေမှာ ကျောင်းထိုင်ဆရာတော်တစ်ပါး ဓါးဖြင့်ထိုး ဓါးပြတိုက်ခံရ

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး အခြေခံစားသောက်ကုန်တွေ အဆမတန်စျေးတက်၊ အလုပ်အကိုင်ရှားပါးတဲ့ စစ်တွေမြို့ပေါ်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါး ဓါးပြတိုက်၊ လုယက်ခံခဲ့ရပြီး ဓါးနဲ့ပါအထိုးခံရတာကြောင့် ဆေးရုံတက်ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇူလိုင်လ ၂၄ ရက် ညအချိန်မှာ စစ်တွေမြို့ မင်းဂံရပ်ကွက်ဝေသာလီဘောလုံးကွင်းအနီးရှိ ဥဿလင်း ကျောင်းတိုက်မှကျောင်းထိုင် ဆရာတော်ကို ကျောင်းပေါ်တက်ပြီးလုယက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျောင်းဝင်းထဲဝင်ပြီးတိုက်တာ။ ရပ်ကွက်ကသူတွေပဲ လုပ်တာထင်ပါတယ်။ အကြောင်းသိတွေဖြစ်မယ်။ ဆရာတော်မှာ ဖုန်းပါသွားတယ်တဲ့၊ အခု စစ်တွေဆေးရုံမှာပါ၊ ဆေးရုံမဆင်းရသေးဘူး”လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုဓါးပြတိုက်ခံရတဲ့ မင်းဂံရပ်ကွက်၊ ဥဿလင်းကျောင်းတိုက်ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) တပ်နယ်အနီး၊ ကားလမ်းမဘေးမှာ တည်ရှိတာဖြစ်ပြီး လက်ရှိအချိန်ထိ ဓါးပြတိုက်သူတွေကို ဖမ်းဆီးတာမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်ဟာ ညဘက်အချိန်တွေမှာ မြို့အနှံ့ ကင်းပတ်သွားလာနေပေမယ့် ဥပဒေစိုးမိုးရေးလုပ်ငန်းထက် ဧည့်စာရင်းစစ်ဖို့နဲ့ လူဖမ်းဆီးဖို့အတွက်ကိုပဲ အဓိကထားလုပ်ဆောင်နေ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခိုးတဲ့၊ လုတဲ့သူတွေ အရမ်းများလာတယ်။ ငတ်လည်း ငတ်ကြတယ်၊ အဲဒါကြောင့် ပိုဆိုးလာတာ။ လူမနေတဲ့အိမ် တွေဆိုရင် ဘာမှကိုမကျန်တော့ဘူး။ အိမ်တိုင်ကအစနုတ်ယူကြတယ်။ ဒီလောက်ထိဆိုးနေတာ။ စစ်တပ်ကလည်း သူခိုးတွေကိုကျ ဘာမှ မလုပ်ဘူး။ အပြစ်မရှိတဲ့သူတွေကိုပဲ ဖမ်းတာ”လို့ စစ်တွေမြို့၊ ဓည၀တီရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ကတည်းက စစ်တွေမြို့အဝင်အထွက်တွေကို ပိတ်ထားခဲ့ပြီး ကုန်စည်၊ ဆေးဝါးအတွက် ရန်ကုန်ကနေ ကုန်သင်္ဘောတွေနဲ့ တင်သွင်းနေခဲ့ကာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက် နေခဲ့တာဖြစ်ပါတယ်။

လက်ရှိစစ်တွေမြို့မှာ ဆန်တစ်အိတ်ကို ကျပ် နှစ်သိန်းကျော်၊ အသားတစ်ပိဿာကို ကျပ် တစ်သိန်းနီးပါး၊ ငါးတစ်ပိဿာကို ကျပ် ခြောက် သောင်းဝန်းကျင်၊ မီးသွေးတစ်အိတ်ကို ကျပ်ငါးသောင်းဝန်းကျင်ထိ စျေးရှိနေပါတယ်။

အဲဒီလိုကုန်စျေးနှုန်းတွေ တက်နေတဲ့အခြေအနေမှာ အလုပ်အကိုင်တွေလည်း ရှားတာကြောင့် တောင်းရမ်း၊ လုယက်သူတွေ၊ စားစရာမရှိလို့ အဆုံးစီ ရင်သူတွေလည်း ရှိနေတာပါ။

“စစ်ဘေးရှောင်တွေဆိုရင် ငတ်နေတာနဲ့အတူတူပဲ၊ ပုံမှန်အလှူရှင်တွေလည်း မရှိဘူး။ အလုပ်မရှိရင် ငတ်တာပဲ။ ထမင်းတနပ်စာကို တရက်စာလုပ်ပြီး စားရတဲ့ရက်တွေလည်း အများကြီးရှိတယ်” လို့ စစ်တွေမြို့ပေါ် ဘုန်းတော် ကြီးကျောင်းတခုမှာ ခိုလှုံနေတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇွန်လ ၂၉ ရက်က စစ်တွေမြို့ မင်းဂံရပ်ကွက်မှ မိသားစုဝင်လေးဦးဟာ အတူစားကြမယ့် ဆန် ပြုပ်ထဲ အဆိပ်ခတ်ကာ အဆုံးစီရင်ခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ် သက္ကယ်ပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှ မိသားစုဝင်ငါးဦးဟာလည်း ၂၀၂၅ ခု မေလအတွင်း မိသားစုလိုက်သတ်သေခဲ့ကြပါသေးတယ်။

၂၀၂၅ ဩဂုတ် ၄ ရက်ကလည်း စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်၊ မင်္ဂလာညွှန့်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ အမျိုးသမီးတဦးနဲ့ ရွာကြီးမြောက်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတဦးတို့ဟာလည်း ဆွဲကြိုးချ အဆုံး စီရင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ပြည်နယ်အလယ်ပိုင်းမှာ အခြေခံစားနပ်ရိက္ခာပြည့်မီအောင် မစားနိုင်တဲ့ မိသားစုအရေအတွက်ဟာ အရင်နှစ်ဒီဇင်ဘာမှာ ၃၃ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ အခုအခါ ၅၇ ရာခိုင် နှုန်းထိ တိုးလာကာ အလွန်စိုးရိမ်ဖွယ်ရာအတိုင်းအတာဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ရဲ့ ပြီးခဲ့တဲ့နှစ် ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်တွေမြို့အနီးပတ်လည်နေရာတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက် ပွဲဖြစ်ပွားနေကြဲပြီး စစ်တွေမြို့ကို ကုန်သေင်္ဘာတွေအဝင်နည်းနေတယ်လို့ ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *