ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆွမ်းလောင်းတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုထောင်သုံးနှစ်ချ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒေါက်တာစောနိုင်ဟာဆွမ်းလောင်းပြီးဆုတောင်းပေးတဲ့ဓာတ်ပုံနဲ့ စာသားကို သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်အကောင့်မှာတင်ပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။
“အမေ့ရဲ့ (၈၁)နစ်ပြည့်မွေးနေ့မှာတန်းဆွမ်းပုံမှန် ကြွနေသောသံဃာများအား ဆွမ်း၊ ဆွမ်းဟင်း၊ ဝတ္ထု၊ သင်္ကန်း လှုဒါန်းပါတယ်။ အမေ ကျန်းမာရေး ကောင်းမွန်ပြီး အလုံးစုံ အပြီးအပြတ် အမြန်ဆုံး လွတ်မြောက်ပါစေ”လို့ ဒေါက်တာစောနိုင်က ဖေ့ဘွတ်ခ်မှာရေးတင်ခဲ့ပါတယ်။
အဲဒီနောက် ဇွန်လ ၁၉ ရက်ညပိုင်းမှာပဲ နေအိမ်မှာ စစ်တပ်ကလာရောက်ဖမ်းဆီးသွားပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပါတယ်။
တစ်လကျော်အကြာအခုလ ဇူလိုင် ၂၄ ရက်မှာတော့တောင်ဥက္ကလာပမြို့နယ်တရားရုံးက ဒေါက်တာစောနိုင်ကို ထောင်သုံးနှစ်ချလိုက်တာပါ။
ဒါဟာတရားစွဲတဲ့ပုဒ်မအရအမြင့်ဆုံးချနိုင်တဲ့ထောင်ဒဏ်ကိုချလိုက်တာလည်းဖြစ်ပါတယ်။
“စစ်တပ်ရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့သဘောထား အရှင်းသာမြင်ရတာပေါ့ဗျ၊ မတရားဖိနှိပ်ခံရတာပါ”လို့ NLD ပါတီဝင် တစ်ဦးကပြောပါတယ်။
ဒေါက်တာစောနိုင်ဟာသွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးပါ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLD ပါတီကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။
ဓာတ်ပုံ – ဒေါက်တာစောနိုင်ဖေ့ဘွတ်ခ်


Leave a Reply