ရေဘေးကြုံနေရချိန်ကိုတောင်မှ ဒရုန်းတွေနဲ့ လုပ်သွားကြတာ

ရေဘေးကြုံနေရချိန် ဝက်လက်ကို အသေခံဒရုန်းသုံးစီးနဲ့ စစ်အုပ်စုတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေချိန်မှာပဲ ဝက်လက်မြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက အသေခံဒရုန်း သုံးစီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ် ၁၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ရွှေဘိုအခြေစိုက် လကရ-၈ က လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းသုံးစီးနဲ့ ဝက်လက်မြို့ အရှေ့ဘက် ရေလယ်ဘုရားအနီးကို သုံးကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဗုံးကြဲတဲ့နေရာက လူလည်း မရှိဘူး။ ဝက်လက်အရှေ့ဘက်က ဘုရားပတ်ပတ်လည်ကို ကြဲတာ။ အဲနား လူတော့ မရှိဘူး။ အဲအရှေ့နားလေးမှာတော့ PDF တွေ ရှိတယ်ဆိုပြီး ကြဲတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကိုတော့ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ အခုလို လေကြောင်းတိုက်ခိုက်ခံနေရချိန်မှာ ဝက်လက်မြို့နယ်အနောက်ခြမ်း မူးမြစ်ကမ်းနံဘေးကျေးရွာတွေထဲ ရေတက်နေဆဲဖြစ်တယ် ဒေသခံတွေကဆိုပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ ရေဘေးသင့်ကျေးရွာ ၂၁ ရွာအထိ ရှိလာပြီး အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဝက်လက်က ရေတွေတအားတိုးနေလို့ ကျွန်တော်တို့ရွာအပါအဝင် ဘေးသုံးရွာက အိမ်ခြေ ၃၀၀ လောက်၊ လူဦးရေ တစ်ထောင်လောက် ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာတွေမှာ ရေဘေးရှောင်နေရတယ်။ အလှူရှင်ရှာနေရတယ်။ အိုးခွက်တောင် မရဘူး။ အဝတ်အစားလည်း မရကြတော့ အခက်အခဲဖြစ်နေကြပါတယ်” လို့ ကျောက်ကုန်းရွာခံတစ်ဦးက ပြောပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို ဆည်ရေပြည့်ကာနီးလို့ဆိုပြီး အာဏာသိမ်း စစ်အုပ်စုက ဩဂုတ် ၅ ရက်က စတင်ကာ ရေလွှတ်ထုတ်ခဲ့တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုး တလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်နဲ့ အရာတော် စတဲ့ မြို့နယ်တွေက ကျေးရွာ ၂၀၀ ဝန်းကျင် ဩဂုတ် ၆ရက်ကတည်းက ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန( MoSLHA )ရဲ့ သြဂုတ်လ ၉ရက်ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူ ၁၅ ဦးရှိပြီး ၂ ဦးပျောက်ဆုံးနေကာ လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်နေပါတယ်။

စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်းကို အခုရေဘေးမတိုင်ခင်ကတည်းက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလ၊ဇွန်နဲ့ ဇူလိုင်လတွေအတွင်းမှာလည်း အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး၊ မီးရှို့၊ဗုံးကြဲသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးသူတွေ အများအပြား ရှိနေသေးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့စဉ်/ဓာတ်ပုံ-ဒေသခံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *