ဝစီပိတ်လဲ ဒူးတုန်နေရှာပြီ

စစ်ဗိုလ်ချုပ်တွေရဲ့ ဗေဒင်ယတြာနက္ခအခါတော်ပေး ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့ အသတ်ခံရပြီးတဲ့နောက် မင်းအောင်လှိုင်က သူကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးအတွက် စစ်တပ်အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ပေး

စစ်ဗိုလ်ချုပ်တွေရဲ့ ဗေဒင် ယတြာနက္ခအခါတော်ပေး ဒေါက်တာဖေဉာဏ် ဘုန်းကြီးဝတ်နဲ့ အသတ်ခံရပြီးတဲ့နောက် မင်းအောင်လှိုင်က သူ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးအတွက် စစ်တပ်အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ပေးထားတယ်လို့ စစ်ဘက်သတင်းရင်းမြစ်နဲ့ ကျိုင်းတုံမြို့ခံ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ စန္ဒကူးမြိုင် ရိပ်သာကျောင်း တိုက်မှာ နေထိုင်တဲ့ ဗေဒင် ယတြာနက္ခအခါတော်ပေး ဘုန်းကြီး ဦးပညာဝံသ ခေါ် ဒေါက်တာဖေဉာဏ်ကို ပန်းရံသမားတွေနဲ့ အပေါင်းအပါတစ်စုက သတ် ဖြတ် သွားခဲ့ပါတယ်။ အဲဒီလူသတ်မှုမှာပါဝင်တဲ့ တရားခံ ပန်းရံသမား ၅ ဦးကို ဇူလိုင်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ အသီးသီး ဖမ်းဆီးရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် မင်းအောင်လှိုင်က သူကိုးကွယ်နေတဲ့ ၀စီပိတ် ဘုန်းကြီးရဲ့ လုံခြုံရေးအတွက် စစ်တပ်အင်အားထပ်တိုးချထားဖို့ အမိန့်ပေးခဲ့ပြီး လက်ရှိမှာလည်း ၀စီပိတ်ဘုန်းကြီး ကျောင်းပတ်ပတ်လည်နဲ့ ကျောင်းထဲမှာ စစ်တပ်က အင်အားအများအပြားနဲ့ လုံခြုံရေးယူပေးထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေနဲ့ ကျိုင်းတုံဒေသခံတွေက ဆိုပါတယ်။

အရင်ကတည်းက ကျိုင်းတုံမှာ နေထိုင်တဲ့ ၀စီပိတ်ဘုန်းကြီးရဲ့ လုံခြုံရေးကို တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ တိုင်းမှူးက တိုက်ရိုက် ကိုင်တွယ် တာဝန်ယူ လုံခြုံရေး ယူပေးနေရတာဖြစ်ပြီး အခုကတော့ တပ်ရင်းတစ်ရင်းစာ အင်အားရှိတဲ့ စစ်သားအင်အားတွေရော၊ လုံခြုံရေးကင်မရာတွေပါ အများအပြား တိုးမြှင့်လာတာဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

“အဲဒီရန်ကုန်က အခါပေး ဘုန်းကြီးအသတ်ခံရပြီးတဲ့နောက်ပိုင်းမှာ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရတိုက်မှာ တပ်တွေက ပိုပြီး လုံခြုံရေးချထားတယ်။ ဆရာတော်သွားတဲ့နောက်မှာလည်း လုံခြုံ ရေး ယာဉ်တွေက ပိုများလာတယ်။ ဆရာတော်ကျောင်းမှာလည်း ပတ်ပတ်လည် ကင်မရာတွေရော စစ်သားတွေရော အပြည့်ပဲ။ ကျောင်းထဲမှာလည်း နေရာပေါင်းစုံမှာ အရပ်ဝတ်တွေနဲ့ ရှိနေတာ။ လုံခြုံရေးတွေ တော်တော်ကိုများလာတာ” လို့ ကျိုင်းတုံမြို့မှ စီးပွားရေးလုပ်ငန်းရှင်က ဆိုပါတယ်။

မင်းအောင်လှိုင်လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးရှိရာ ကျိုင်းတုံမကြာခဏ သွားပြီး ယတြာချေတာ၊ လောကသရဖူ စေ တီ ဘုရားတည်တာနဲ့ ဆေးရုံဆောက်လုပ်ရေစက်ချပေးတာ၊ အစီအရင်တွေသွားလုပ်ခိုင်းတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ မတည်မှုနဲ့ ၀စီပိတ်ဘုန်းကြီးက ပန်းကွဲဗုဒ္ဓဥယျာဉ်တော်ကိုလည်း တည် ဆောက်နေပြီး အဲဒီဥယျာဉ်ထဲမှာ လောကသရဖူ စေတီ ဘုရားဌာပနာ ယတြာချေတာ၊ အဲဒီစေတီမှာ အစီအရင် အင်းပြားတွေ အစီအရင်တွေလည်းလုပ်ဆောင်နေပါတယ်။

အဲဒီ ယတြာချေထားတဲ့ ပန်းကွဲဗုဒ္ဓဥယျာဉ်တော်ဟာ ကျိုင်းတုံမြို့ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာမှာ တည်ရှိပြီး မင်းအောင်လှိုင် တပ်ချုပ်ဘ၀ ၂၀၁၅ အစောပိုင်းကာလတွေလောက်ကတည်းက တည်ဆောက်နေတာပါ။ အဲဒါက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာက ဒီဇိုင်းအတိုင်း ဥယျာဉ်တော်ကို ဆောက် လုပ်ထားတာပါ။

အဲဒီအထဲမှာ အဘယ ရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတွေတည် ထားပါတယ်။ နောက်ပြီး လောကသရဖူဘုရားကြီး၏ ပုံတူပုံစံငယ် လောကသရဖူ စေတီထပ်တည်ပါတယ်။ အဲဒီဥယျာဉ်တော်တစ်ခုလုံးက အင်းတွေ ယတြာတွေ အစီအရင်တွေ ပြည့်နှက်နေတာလည်းဖြစ်ပါတယ်။

ဒီဥယျာဉ်တော်က တပ်ချုပ်ဘ၀ရဲ့ ရာထူးတိုး အဆင့်ဆင့် တက်လမ်းအတွက် အစီအမံတွေ လုပ်ပေးခဲ့တဲ့ ၀စီပိတ်ဆရာတော်ကြီးရဲ့ ဆန္ဒကို မင်းအောင်လှိုင်က ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ပေးတာလို့ သိရပါတယ်။

၀စီပိတ်ဘုန်းကြီးလို့ လူသိများတဲ့ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ က မင်းအောင်လှိုင် တိုင်းမှူး ဗိုလ်ချုပ်ဘ၀ကတည်းက ကိုးကွယ်ခဲ့တာဖြစ်ပြီး ယတြာတွေ အမြဲချေပေးခဲ့တဲ့ ဘုန်းကြီးဖြစ်တယ်လို့ သိရပါတယ်။

အာဏာရှင်ဟောင်း သန်းရွှေလက်ထက် မင်းအောင်လှိုင် ရာထူးတက်ဖို့နဲ့ တပ်ချုပ်ရာထူးရဖို့အတွက် ၀စီပိတ်ဘုန်းကြီးက ယတြာတွေ အမျိုးမျိုးချေပေးခဲ့ပြီး သူချေပေးတဲ့ ယတြာအတိုင်း မင်းအောင်လှိုင်လည်း ရာထူးတွေ ရခဲ့တာမို့ မင်းအောင်လှိုင်၊ ကြူကြူလှ အပါအဝင် တစ်မိသားစုလုံးက ၀စီပိတ် ဘုန်းကြီးကို ယုံယုံကြည်ကြည် ကိုးကွယ်ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီမှာလည်း မင်းအောင်လှိုင်နဲ့ ကြူကြူလှက ၀စီပိတ်ဘုန်းကြီးဆီကို သွားရောက်ပြီး အာဏာသိမ်းဖို့ တိုင်ပင် ယတြာစီစဉ်ခိုင်းခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နေပြည်တော်မှာနေတဲ့ မင်းအောင်လှိုင်က သူလိုအပ်တဲ့အခါတိုင်း စစ်လေယာဉ်စေလွှတ်ပြီး ကျိုင်းတုံမှာရှိတဲ့ ၀စီပိတ်ဘုန်းကြီးကို ခေါ်ဆောင် ဆွမ်းကပ်တာ၊ နေအိမ်မှာ ရွတ်ဖတ်ခိုင်းတာ၊ ဗေဒင်ယတြာတွေ စီမံခိုင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မင်းအောင်လှိုင် မိသားစုနဲ့ ၀စီပိတ်ဘုန်းကြီး အပေါင်းအပါများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *