အာဏာသိမ်းစစ်တပ် ပုသိမ်မြို့အတွက် ခံစစ်ပြင်နေရပြီလို့ဆို
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဧရာ၀တီတိုင်းမြို့တော်၊ ပုသိမ်မြို့အတွက် ခံစစ်ပြင်နေရပြီလို့ CDM ဗိုလ်ကြီးဇင်ယော်က သူ့ရဲ့ ဇူလိုင်လ ၂၆ ရက် စစ်ရေးသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
“မြစ်ဝကျွန်းပေါ်ဒေသမှာ စစ်တပ်ဟာ မြို့တော်ပုသိမ်အတွက် စပြီးခံစစ်ပြင်ရပြီ ဖြစ်ပါတယ်”လို့သူက ဆိုပါတယ်။
သာပေါင်းမြို့ဝန်းကျင် ငဝန် (ပုသိမ်) မြစ် အနောက်ဘက်ကမ်းမှာ ခံစစ်စခန်းတစ်ခု တည်ဆောက် လာတာကို တွေ့ရှိရပြီး ရွှေသောင်ယံ ဘောမိဘက်ကနေ စိမ့်ဝင်လာနိုင်တဲ့ လမ်းကြောင်းဖြစ်တဲ့ အတွက် ကြိုတင် ပိတ်ဆို့ လိုဟန်ပုံရတယ်လို့ ရေးသားထားပါတယ်။
“ သာပေါင်းမြို့ရဲ့တောင်ဘက် ၄ ကီလိုမီတာ (၃ မိုင် ) ဝန်းကျင် အကွာ ငဝန် (ပုသိမ်) မြစ် အနောက် ဘက်ကမ်း ကွမ်းခြံကုန်းမှာ ခံစစ်စခန်းတစ်ခု အခြေပြုလာခဲ့တာကို တွေ့ရပါတယ်။
ကွမ်းခြံကုန်းနဲ့ အုတ်ပုံကုန်းကြား ကျေးလက်အိမ်ယာမှာ အခြေချပြီး တပ်အမှတ် နဲ့ အင်အား ကိုတော့ စိစစ်နေဆဲ ဖြစ်ပါတယ်” လို့ဆိုပါတယ်။
လက်ရှိ လေးမျက်နှာနဲ့ ဂွမြို့နယ်အစပ်က ခြေကုပ်စခန်း ၅ ခုကို ဆက်တိုက်ဆိုသလို အာရက္ခတပ်တော်ထံ သိမ်းပိုက်ခံထားရတဲ့အတွက် မြန်မာလေတပ်က အပြင်းအထန် တိုက်ခိုက်နေပေမယ့်လည်း စစ်ကြောင်းတွေမှာည တိုးမပေါက်ဖြစ်နေတယ်လို့ ပြောပါတယ်။
“ လေးမျက်နှာ နဲ့ ဂွမြို့နယ် အစပ်က ခြေကုပ်စခန်း ၅ ခုကို ဆက်တိုက်ဆိုသလို လက်လွှတ် ထားရတာကြောင့် လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေပေမယ့် မြေပြင် စစ်ကြောင်း တွေကတော့ တိုးမပေါက်သာ ဖြစ်နေပါသေးတယ်” လို့ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ရခိုင်တောင်ပိုင်းကို မြေပြင်ထိုးစစ်ဝင်ဖို့ ခြေကုပ်နေရာ ဘယ်လိုမှ ယူလို့ မရတာကြောင့် လေကြောင်းအကြမ်းဖက်မှုတွေဆက်တိုက်ပြုလုပ်လာခဲ့တယ်လို့ သူက သုံးသပ် ဖော်ပြထားပါတယ်။


Leave a Reply